‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၂၀ရက်
‎စစ်ကိုင်းတိုင်း၊ ဝန်းသိုမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်တပ် တပ်ရင်းများတွင် အင်အားဖြည့်တင်းပြီး ကျေးရွာများသို့ စစ်ကြောင်းထိုး မီးရှို့ဖျက်ဆီးမှုများ လုပ်ဆောင်လာနိုင်သဖြင့် ပြည်သူများ စစ်ရေးသတိဖြင့် နေထိုင်ကြရန် ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက ယမန်နေ့ ဩဂုတ် ၁၉ ရက် တွင် အသိပေးထုတ်ပြန်ထားသည်။
‎ဝန်းသိုမြို့နယ်အတွင်း အခြေစိုက်ထားသည့် စစ်တပ်၏ ခမရ ၁၁၁ နှင့် ခမရ ၁၂၀ တပ်ရင်းများတွင် အင်အားဖြည့်တင်းမှုများ ပြုလုပ်နေပြီး မြို့နှင့် နီးကပ်လျက်ရှိသော ကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုး ဝင်ရောက်ကာ မီးရှို့ဖျက်ဆီးမှုများ ပြုလုပ်လာနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် အချိန်နှင့်တစ်ပြေးညီ စစ်ရေးအသိ၊ စစ်ရေးသတိဖြင့် နေထိုင်ကြရန် နှိုးဆော်ထားသည်။
‎ထို့အပြင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှု အန္တရာယ်ကိုလည်း အထူးဂရုစိုက်ကြရန် လိုအပ်ပြီး၊ မိမိတို့နေထိုင်ရာ ဒေသများနှင့် လေကြောင်းပစ်ကူပေးသော နေရာများကို ရိုက်ကူး၍ လူမှုကွန်ရက် အွန်လိုင်း ပေါ်သို့ တင်ပြခြင်း မပြုကြရန်လည်း အသိပေးထားသည်။
အကယ်၍ အဆိုပါ သတင်းအချက်အလက်များကို အွန်လိုင်း ပေါ်သို့ တင်ပြပါက သက်ဆိုင်ရာ တပ်ရင်း၊ တပ်ဖွဲ့များမှ ထိရောက်စွာ အရေးယူဆောင်ရွက်သွားမည်ဟု ပါရှိကာ ပြည်သူများအနေဖြင့် တော်လှန်ရေးတွင် ပူးပေါင်းပါဝင်ပေးကြရန် ကောလင်းခရိုင် အမှတ် (၄) တပ်ရင်းက မေတ္တာရပ်ခံထားသည်။
‎ယခု စစ်အင်အားဖြည့်တင်းနေသည့် ဝန်းသိုတပ်ရင်းများသည် တော်လှန်ရေးတပ်ဖွဲ့ရှိသည်ဟု ထင်မှတ်သည့်နေရာများကို လက်နက်ကြီးများဖြင့် ပစ်ခတ်ခြင်း၊ စစ်ကြောင်းထိုးခြင်းများပြုလုပ်ခဲ့မှုများရှိနေပြီး ကုန်စည်ရောင်းဝယ်သူများကိုလည်းဖမ်းဆီးကာ ပစ္စည်းလုယက် လူသတ်မှုများ ကျူးလွန်ထားကြောင်း သိရသည်။