ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

 

ထိုင်းနိုင်ငံ မြောက်ပိုင်း၊ အရှေ့မြောက်ပိုင်း၊ အလယ်ပိုင်းနှင့် အရှေ့ပိုင်းဒေသများတွင် ယနေ့ဩဂုတ် ၂၀ ရက်မှစတင်ကာ မိုးသည်းထန်စွာ ရွာသွန်းနိုင်သည့်အတွက် ရုတ်တရက် ရေကြီးရေလျှံမှုများ၊ တောင်ကျရေကျဆင်းမှုနှင့် မြစ်ရေလျှံမှုတို့ကို သတိပြုကြရန် ထိုင်းမိုးလေဝသဌာန(TMD) က ထုတ်ပြန်ထားသည်။

 

မုတ်သုံလေသည် ထိုင်းနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းမှ တရုတ်နိုင်ငံဟိုင်နန်ကျွန်းအထိအားကောင်းသော လေဖိအားနည်းရပ်ဝန်းတစ်ခုအဖြစ် ပြောင်းလဲလာခြင်းကြောင့် ရာသီဥတုအခြေအနေများဆိုးရွားလာပြီး လာမည့်ဩဂုတ် ၂၁ ရက်နေ့အထိ သတိထားနေထိုင်ကြရန်လည်း ထုတ်ပြန်ထားသည်။

တောင်ခြေဒေသများ၊ မြစ်ချောင်းရေလမ်းကြောင်းများတစ်လျှောက်နှင့် မြေနိမ့်ပိုင်းဒေသများရှိဒေသခံများအနေဖြင့်လည်း မိုးသည်းထန်စွာရွာသွန်းမှုများကြောင့် သတိထားနေကြရန်နှင့် ဘန်ကောက်မြို့နှင့် မြို့နယ်အနီးတစ်ဝိုက်တွင်လည်း မိုးရွာနိုင်ခြေ ၇၀ ရာခိုင်နှုန်းအထိ ရှိကြောင်း သိရသည်။

 

ယမန်နေ့က နန်း(Nan)ခရိုင်အတွင်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တောင်ကျရေများကျဆင်းလာပြီး ရုတ်တရက်ရေကြီးရေလျှံမှုများ ဖြစ်ပွါးခဲ့ရာ ဒေသခံ နှစ် ဦး သေဆုံးခဲ့ပြီး အိမ်ထောင်စုပေါင်း ၈၀၀၀ မှ လူပေါင်း ၁၆၀၀၀ ကျော်မှာ ရေဘေးသင့်ခဲ့ရသည်။

 

လက်ရှိတွင် ရေကျနေပြီဖြစ်သော်လည်း ရေကြီးရေလျှံခဲ့သည့် ရေထုများမှာ နန်းမြစ်တစ်လျှောက်ရှိ အနီးဝန်းကျင်ဒေသများသို့ ဆက်လက်စီးဆင်းသွားသည့်အတွက် တောင်စောင်းဒေသနှင့် ရေလမ်းကြောင်းအနီးရှိ ပြည်သူများအနေဖြင့် ဘေးလွတ်ရာသို့တိမ်းရှောင်ထားကြရန်လည်း တာဝန်ရှိသူများက သတိပေးချက်များ ထုတ်ပြန်ထားသည်။