ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်၊ ငသိုင်းချောင်းမြို့၊ မြောက်စမ်းကျေးရွာအနီး တွင် စစ်တပ်နှင့် အာရက္ခတပ်တော် AA တို့ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။
ရေကြည်မြို့နယ်၊ ငသိုင်းချောင်း-ဂွ လမ်းပေါ်ရှိ အမြောက်တပ် အမတ ၃၄၄ ပတ်ဝန်းကျင် အနီးရှိ နေရာအချို့သို့ စစ်ကြောင်းထိုးလာသည့် စစ်တပ်နှင့် AA တို့ တိုက်ပွဲများ ပြင်းထန်နေခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်မှစတင်၍ စစ်တပ်သည် အမတ ၃၄၄ တပ်စခန်းမှနေ၍ လက်နက်ကြီး၊ ဒရုန်း ပစ်ကူများဖြင့် အင်အား ၂၀၀ ဝန်းကျင်ခန့်သုံးကာ ဂွ-ငသိုင်းချောင်း ကားလမ်းအတိုင်း စစ်ကြောင်းထိုးလာရာ တိုက်ပွဲများ ပြင်းထန်လာခဲ့ခြင်းဖြစ်သည်။ တိုက်ပွဲဖြစ်ပွားရာနေရာကို ရေကြည်ရှိ ကမ္ဘားကြီး ဗျူဟာမှူးထိုင်စခန်းမှလည်း ပစ်ကူများပေးခဲ့ကြောင်း သိရသည်။
”ရေကြည်ရော၊ သာပေါင်းအစပ်ရော တိုက်ပွဲကနေ့တိုင်းလိုဖြစ်တယ်။ စက်ဒေါင့်ကြီးမှာ စစ်သုံးကားတွေ အတက်အဆင်းကြမ်းနေတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အလားတူ ဧရာဝတီတိုင်း၊ မြစ်ဝကျွန်းပေါ်ဒေသတွင်လည်း အထိနာနေသည့် စစ်တပ် စစ်ကြောင်းများ နောက်တန်းဌာနချုပ်သို့ ပြန်လည်စုဖွဲ့ရန် ရောက်ရှိနေပြီး ရှေ့တန်းပြန် အခမ်းအနားနှင့် စိတ်ဓာတ်စစ်ဆင်ရေးများ ပြုလုပ်နေကြောင်းသိရသည်။
သာပေါင်းမြို့နယ်၊ စက်ဒေါင့်ကြီး ဆိပ်ကမ်းကို အင်အားအပြည့်တင်ဆောင်လာသည့် စစ်မော်တော်ယာဉ် သုံး စီး ပြီးခဲ့သည့် ရက်ပိုင်းကရောက်ရှိလာခဲ့ပြီး၊ အဆိုပါ စစ်ကြောင်းမှာ ငဝန်မြစ်တစ်ဘက်ကမ်း ဘုရားကြီးဆိပ်ကမ်းမှတစ်ဆင့် ညောင်မှော်၊ သောင်တန်း နယ်မြေများသို့ ဆက်လက်ရွှေ့လျားသွားခဲ့သည်။ အဆိုပါ စစ်ကြောင်းများမှာ တပ်မ (၆၆) လက်အောက်ခံတပ်များ ဖြစ်ကြသည်။
လက်ရှိတွင် ကမ္ဘားကြီးကျေးရွာ၌ နည်းဗျူဟာတစ်ခု အခြေစိုက်ကာ လက်နက်ကြီးများဖြင့် နေ့စဉ် ပစ်ခတ်မှုများ ပြုလုပ်နေဆဲဖြစ်ပြီး အဆိုပါ နည်းဗျူဟာစခန်းမှတစ်ဆင့် ရှေ့တန်းခြေကုပ်နေရာများသို့ ကြက်ဥတစ်လုံးစီပါသည့် ထမင်းထုတ် ၂၀၀ ခန့်ကို နေ့စဉ် ပို့ဆောင်နေရကြောင်း သိရသည်။
အာရက္ခတပ်တော် AAနှင့် ပူးပေါင်းတပ်များကလည်း စစ်တပ်၏ ခြေကုပ်စခန်းနေရာများကို နှောင့်ယှက်ပစ်ခတ်လျက်ရှိပြီး ပြောက်ကျားစစ်နည်းဗျူဟာကို အသုံးပြုနေကြောင်း သိရသည်။
စစ်တပ်ဘက်မှ ထိခိုက်ဒဏ်ရာရရှိသူများနှင့် အလောင်းများကို စက်ဒေါင့်ကြီးဆိပ်ကမ်းမှတစ်ဆင့် ပုသိမ်တပ်နယ်သို့ နေ့စဉ် ပို့ဆောင်နေရသည်။ မြေပြင်တွင် ထိတွေ့တိုက်ပွဲများ ဖြစ်ပွားနေသည့်အပြင် လေကြောင်းတိုက်ခိုက်မှုများပါ ပြင်းထန်လာသောကြောင့် ကမ္ဘားကြီးကျေးရွာမှ နယ်မြေခံဒေသခံများမှာ အိုးအိမ်စွန့်ခွာ၍ ထွက်ပြေးတိမ်းရှောင်နေကြရသည်။