ဧရာဝတီတိုင်းမ်
ဩဂုတ် ၂၀ ရက်

စစ်ရေး၊ လုံခြုံရေးကြောင့် နှောင့်နှေးနေသည့် ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) ကိစ္စ အလျင်အမြန် အကောင်အထည်ဖော်နိုင်ရေး ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံဆွေးနွေးပြီးနောက် ရုရှား စီးပွားရေး လုပ်ငန်းရှင်များ လာရောက်ရင်းနှီးမြှုပ်နှံရန် အာဏာသိမ်း ရွေးတုသမ္မတ ဦးမင်းအောင်လှိုင်က ထပ်မံဖိတ်ခေါ်ပြန်သည်။

အာဏာသိမ်းပြီးနောက် တနင်္ဿာရီတိုင်းရှိ ထားဝယ်အထူးစီးပွားရေးဇုန် (SEZ) ကို ရုရှားနိုင်ငံနှင့် ပူးပေါင်းလုပ်နေခြင်းဖြစ်ပြီး ဩဂုတ် ၁၉ ရက်က ထိုကဲ့သို့ဖိတ်ခေါ်ခဲ့ကြောင်း သိရသည်။

“ရုရှားနိုင်ငံနဲ့ ပူးပေါင်းစတင် အကောင်အထည်ဖော်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဟာ အနာဂတ်မှာ မဟာဗျူဟာမြောက် အရေးပါတဲ့နေရာ ဖြစ်လာလိမ့်မယ်၊ ဒါကြောင့် ထိုစီးပွားရေးဇုန်မှာ လာရောက်ရင်းနှီးမြှုပ်နှံမှု ပြုလုပ်ကြဖို့ ဖိတ်ခေါ်လိုပါတယ်” ဟု ရွေးတုသမ္မတက ၂၀၂၆ ခုနှစ် ရုရှား-မြန်မာ စီးပွားရေးဖိုရမ်၌ ပြောသည်။

အလားတူ ထားဝယ်ရေနက်ဆိပ်ကမ်းနှင့် အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေးစီမံကိန်းအပြင် LNG Terminal ၊ ရေနံချက်စက်ရုံ၊ ဓာတ်အားပေးစက်ရုံ၊ သဘာဝဓာတ်ငွေ့ကို အခြေခံသည့် အဆောက်အအုံအဆင့်မြှင့်တင်ရေး စီမံကိန်းများတွင်လည်း နှစ်နိုင်ငံပူးပေါင်းမှု၏ မဟာဗျူဟာမြောက် စီမံကိန်းများဖြစ်ကြောင်း ၎င်းကဆိုသည်။

အဆိုပါထားဝယ်အထူးစီးပွားရေးဇုန်သည် ယခင်ကာလ အီတာလျံ-ထိုင်းနှင့် ဂျပန်ကဲ့သို့ ရင်းနှီးမြှုပ်နှံသူများ မအောင်မြင်ခဲ့သော စီမံကိန်းဖြစ်သလို စစ်အာဏာသိမ်းမှုကို ခုခံတော်လှန်မှုများကြောင့် ဒေသတွင်း စစ်ရေးပြင်းထန်၊ လုံခြုံရေး စိုးရိမ်နေရသဖြင့် ရွေးတုအစိုးရဘက်က အမြန်စတင်နိုင်ရန် လိုလားလျက်ရှိသည်။

ထိုအတွက် ရွေးတုအစိုးရ၏ ဒုတပ်ချုပ်သစ် ဖြစ်လာသူ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းက ပြီးခဲ့သည့် ဇွန်၌ သွားရောက်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်အပါအဝင် စီမံကိန်းများ စတင်နိုင်ရန်နှင့် ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း လမ်းကြောင်းကို ထိထိရောက်ရောက် ကာကွယ်ရန် တပ်တွင်းစည်းရုံးရာ၌ အဓိကထား ထည့်သွင်းပြောဆိုခဲ့သည်။

ပြည်ထောင်စု လမ်းမကြီးဖြစ်သည့် “ရေး-ထားဝယ်-မြိတ်-ဘုတ်ပြင်း-ကော့သောင်း” လမ်းကြောင်းသည် ရွေးတုအစိုးရတပ်များနှင့် ကရင်အမျိုးသားအစည်းအရုံး-KNU လက်အောက်ခံ KNLA တပ်ရင်းများ၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်-PDF ပူးပေါင်းတပ်ဖွဲ့များအကြား တိုက်ပွဲဖြစ်ပွားနေပြီး စစ်ရေးပြင်းထန်နေသည်။

ယင်းအခြေအနေများကြောင့် ယခုသွားရောက်သည့် ရုရှားခရီးစဉ်ကို ရွေးတုသမ္မတက လက်အောက်ခံ တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးဇော်နိုင်ဦးအား ခေါ်ဆောင်သွားခြင်းဖြစ်ပြီး ရုရှားသမ္မတ ပူတင်နှင့် ၎င်းတို့ တွေ့ဆုံရာတွင်လည်း ရေနက်ဆိပ်ကမ်းအပါအဝင် ထားဝယ်အထူးစီးပွားရေးဇုန်ကိစ္စ ထည့်သွင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံ တောင်ဘက်ပိုင်းရှိ ထိုအထူးစီးပွားရေးဇုန်သည် စတုရန်းကီလိုမီတာ ၁၉၅ နီးပါး ကျယ်ဝန်း၍ ကပ္ပလီပင်လယ်ပြင်နှင့် ထိုင်းပင်လယ်ကွေ့အနီး မဟာဗျူဟာကျသည့်နေရာ၌ အကောင်အထည်ဖော်မည်ဖြစ်ကာ စစ်ရေးပြင်း‌ထန်နေသော်လည်း ရွေးတုအစိုးရက လက်ရှိတိုင် ရင်းနှီးမြှုပ်နှံရန် မကြာခဏဖိတ်ခေါ်နေသည်။

ဓာတ်ပုံ- ‌ရွေးတုအစိုးရ