ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
ရွေးတုအစိုးရ လက်အောက်ရှိ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ (YCDC) က ဖြန့်ဝေ ပေးနေသော ဂျိုးဖြူရေအတွက် လိုအပ်သည့် ရေသန့်စင်မှု စရိတ်အပါအဝင် ဝန်ထမ်းစရိတ်နှင့် အထွေထွေ စရိတ်များအတွက် ဘတ်ဂျက် မရှိတော့သဖြင့် ဂျိုးဖြူရေမီတာခ နှုန်းထားများကို တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း YCDC အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) က ယနေ့ ဩဂုတ် ၁၉ ရက်တွင် ထုတ်ပြန်သည်။
လက်ရှိတွင် ရေတစ်ယူနစ် (ဂါလန် ၂၂၀) လျှင် အိမ်သုံးအတွက် ၃၃၀ ကျပ်နှုန်းဖြင့် ကောက်ခံနေရာမှ ရေသုံးစွဲမှု ၃၀ ယူနစ်ထက် ပိုပါက တစ်ယူနစ်လျှင် ၅၅၀ ကျပ်နှင့် ၆၀ ယူနစ်အထက် သုံးစွဲပါက တစ်ယူနစ်လျှင် ၆၆၀ ကျပ်အဖြစ် အဆင့်လိုက် တိုးမြှင့် ကောက်ခံသွားမည်ဖြစ်သည်။

ထို့အပြင် စီးပွားရေးသုံးနှင့် စက်ရုံ/လုပ်ငန်းသုံး ရေမီတာခများကိုလည်း တိုးမြှင့်ထားပြီး နိုင်ငံခြားသား များ အသုံးပြုပါက ရေ ၃၀ ယူနစ်ကျော်လျှင် ၁,၁၀၀ ကျပ်နှင့် ၆၀ ယူနစ်ကျော်ပါက ၁,၃၂၀ ကျပ်နှုန်းအထိ တိုးမြှင့် ကောက်ခံမည်ဖြစ်ကြောင်း သိရသည်။
ရေသုံးစွဲသူများအနေဖြင့် အခြေခံ ရေသုံးစွဲမှု ပမာဏကို မဖြစ်မနေ ပေးဆောင်ရမည်ဖြစ်ပြီး အိမ်သုံးအတွက် လစဉ် ၁၀ ယူနစ်၊ စီးပွားရေးသုံးအတွက် လစဉ် ၂၀ ယူနစ်နှင့် လုပ်ငန်း/စက်ရုံသုံး အတွက် လစဉ် ၃၀ ယူနစ် အခြေခံ သတ်မှတ်ထားကြောင်း YCDC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
“ရေတစ်ယူနစ်ကို ၃၃၀ ကျပ်နဲ့ ဘယ်နှစ်ယူနစ်သုံးသုံး အဲဒီပေါ်မှာ ပေးရတာပေါ့။ အခုက ယူနစ် ၃၀ ကျော်ရင် တစ်ဈေးဆိုတော့ ရေသုံးများရင် ပိုကုန်မယ့်သဘော ရှိတယ်။ အဲဒါကြောင့်ထင်တယ် အရင် ရေဖိုးက တစ်သောင်းခွဲလောက်ပဲ ပေးရတာကနေ ပြီးခဲ့တဲ့လအတွက် သုံးသောင်းနီးပါး ကျသွားတယ်။ ဈေးတက်တာ အခုမှ သိရတယ်” ဟု ရွှေပြည်သာမြို့နယ်တွင် နေထိုင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ဂျိုးဖြူ သောက်သုံးရေ ပုံမှန်ပေးဝေနိုင်ရန် ရေသန့်စင်မှုစနစ်တွင် လိုအပ်သော ဓာတုပစ္စည်း စရိတ်၊ ရေသန့်စင်စက်ရုံများနှင့် ရေတွန်းစက်ကြီးများ လည်ပတ်နိုင်ရေး လျှပ်စစ်ဓာတ်အားခ၊ ပိုက်လိုင်း ထိန်းသိမ်းစရိတ်နှင့် ဝန်ထမ်းလစာများကို ကျခံသုံးစွဲနေရသဖြင့် လက်ရှိ ရရှိသည့် ရေဖိုး ဝင်ငွေမှာ လျှပ်စစ်မီတာခ ပေးချေရန်အတွက်သာ ရရှိကြောင်း YCDC က ဆိုထားသည်။
“တစ်ယောက်တည်း နေတာဆိုတော့ ရေဖိုးတစ်လ သုံးထောင် ကောက်တယ်။ ယူနစ်နဲ့ ကောက်ပေမဲ့ ဘယ်လောက်လဲ မသိဘူး။ ရေသုံးတာ များတဲ့အခန်းဆို အရင်တည်းက တစ်သောင်းကျော် ကျတယ်။ အခု မီတာခပါ ထပ်တက်ရင် ရေဖိုးတင် တော်တော် ကုန်မှာ” ဟု ယုဇနဥယျာဉ်မြို့တော်တွင် နေထိုင်သည့် အမျိုးသားတစ်ဦးက ဆိုသည်။
ဓာတ်ပုံ – YCDC, ဧရာဝတီတိုင်းမ်