‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၉ရက်

‎စစ်တွေမြို့အတွင်းရှိ စစ်တပ်၏ တပ်ရင်းတပ်ဖွဲ့များသည် မြို့တွင်း ခုခံစစ်အတွက် အင်အားဖြည့်တင်းခြင်း၊ ပြန်လည်စုဖွဲ့ခြင်းနှင့် ခံစစ်ပြင်ဆင်မှုများကို အရှိန်အဟုန်ဖြင့် လုပ်ဆောင်နေကြောင်း သိရသည်။

‎အဆိုပါ ခုခံစစ်ပြင်ဆင်မှုများတွင် ရခိုင်ပြည်နယ်တဝှမ်း တပ်ပျက်ခဲ့သည့် ကျောက်တော်အခြေစိုက် စကခ ၉၊ တောင်ကုတ်အခြေစိုက် စကခ ၅၊ ဘူးသီးတောင်အခြေစိုက် စကခ ၁၅ နှင့် အခြေချစစ်ဗျူဟာ စဗခ ဘူးသီးတောင်တပ်များ ပါဝင်‌ပြီး ယခု ဩဂုတ် တတိယပတ်အတွင်း စစ်မှုထမ်း တပ်သားသစ်များ‌ကို ပို့ဆောင်နေကြောင်းသိရသည်။

‎”မြို့တော် စစ်တွေကိုတော့ ရန်ကုန်တပ်နယ်အတွင်းကနေ ခွဲဝေရ ကျောင်းဆင်းတပ်သားသစ်တွေ တင်ဆောင်လာတဲ့ ကမ်းရိုးတန်းသွား စစ်ရေယာဉ် တစ်စီး ထွက်ခွါလာနေခဲ့တာရှိပါတယ်” ဟု CDM ဗိုလ်ကြီး ဇင်ယော်ကပြောသည်။

‎လက်ရှိတွင် ပစ်ခတ်တိုက်ခိုက်ထားမှုအခြေအနေများအရ AA အနေဖြင့် စစ်တွေမြို့ကို ‌‌ ရွှေမင်းဂံ၊ တောကံ၊ ရာတန်၊ သိန်းတန်၊ အမြင့်ကျွန်း၊ ပါဒလိတ်၊ ကြွီတဲ စသည့် ရွာများဘက်မှ လမ်းကြောင်း သုံးကြောင်းဖြင့် ထိုးစစ်ဆင်လျက်ရှိပြီး နာရီကန်နှင့် ကျားမသောက်ကျေးရွာအနီးအထိ တိုက်ပွဲများ ရောက်ရှိလာခြင်းသည် စစ်တွေမြို့သိမ်းတိုက်ပွဲအတွက် ပြင်ဆင်မှုများ၏ အစသာရှိသေးကြောင်း လေ့လာသူများထံမှ သိရသည်။

စစ်တွေမြို့နယ်အတွင်း ဒကစ၊ ခလရ ၂၀၊ ခလရ ၃၄၄၊ ခလရ ၂၃၂၊ ခလရ ၂၇၀၊ ရဲတပ်ရင်း ၁၂၊ ၃၆၊ စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း၊ ရွှေမင်းဂံရေတပ် တပ်စခန်း စသည့် တပ်ရင်းတပ်ဖွဲ့ (၁၅) ဖွဲ့ခန့် တပ်စွဲထားကြောင်း သိရသည်။

‎​ထို့အပြင် မြို့ပတ်ဝန်းကျင်ရှိ ရွှေမင်းဂံ၊ ကျားမသောက်၊ ကံကော်ကျွန်း၊ ဝါဘိုနှင့် ပါဒလိတ်၊ စသည့်နေရာများတွင်လည်း ခံစစ်ပြင်ဆင်မှုများ လုပ်ဆောင်ထား‌သော်လည်း ယခုကာလအတွင်း AA၏ အနီးကပ် ပစ်ခတ်တိုက်ခိုက်မှုကို ခံနေရသည်။

စစ်ရေးသတင်းများအရ လက်နက်ခဲယမ်းများကို လုံခြုံသည့်နေရာသို့ ရွှေ့ပြောင်းခြင်း၊ ခလရ(၂၀) နှင့် ဆေးတပ်ရင်းမဆရ ၈တို့တွင် အရေးပေါ် ရိက္ခာနှင့် ဆေးဝါးများ စုဆောင်းထားခြင်းတို့ကို လုပ်ဆောင်ထားကြောင်း သိရသည်။ထို့အပြင် ဆတ်ရိုးကျချောင်းတံတားအောက်တွင်လည်း ရေတပ်စခန်းဆောက်လုပ်နေသည်။