နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
အာဏာသိမ်းစစ်အုပ်စုက ရွေးတုအစိုးရအဖြစ် အသွင်ပြောင်းပြီးနောက် ငြိမ်းချမ်းရေးအပါအဝင် အခြား ကဏ္ဍများအတွက် ချမှတ်ခဲ့သော ရက် ၁၀၀ စီမံချက်အတွင်း ကော်သူးလေဒေသသို့ လေကြောင်း၊ ဒရုန်းနှင့် လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှု စုစုပေါင်း ၄၆၀ ကြိမ် ရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး (KNU) ထံမှ သိရသည်။
ရွေးတုအစိုးရသည် အဆိုပါရက် ၁၀၀ အတွင်း ပြည်သူများကို ပစ်မှတ်ထား ကျူးလွန်ခဲ့သဖြင့် အပြစ်မဲ့ အရပ် သား ၄၄ ဦး သေဆုံးခဲ့ရကြောင်း “ပြည်သူအပေါ် ပစ်မှတ်ထား ရက်စက်သည့် မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံကိန်း” အမည်ရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများဆိုင်ရာ အစီရင်ခံစာကို ယနေ့ ဩဂုတ် ၁၉ ရက်တွင် ပြု လုပ်သည့် သတင်းစာရှင်းလင်းပွဲ၌ KNU တာဝန်ရှိသူများက ထုတ်ပြန်သည်။
“သူတို့ ရက် ၁၀၀ အတွက် ကတိကဝတ်တွေ ပေးခဲ့ပေမယ့် မြေပြင်မှာ စစ်မျက်နှာတွေ တိုးချဲ့တာ၊ လေ ကြောင်း၊ ဒရုန်း၊ လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်တာ၊ အရပ်သားနေအိမ်တွေ မီးရှို့သတ်ဖြတ်တာ စတာတွေ ကျူးလွန်နေတာကို ကျွန်တော်တို့တွေ့ရတယ်” ဟု KNU လူ့အခွင့်အရေးကော်မတီအဖွဲ့ဝင် ပဒိုစောဝင်းကျော်က ပြောသည်။
KNU လူ့အခွင့်အရေးကော်မတီနှင့် သုတေသန လုပ်ငန်းကော်မတီတို့ ပူးပေါင်းပြုစုထားသည့် အစီရင်ခံစာအရ လူ့အခွင့်အရေး ချိုးဖောက်မှု အပိုင်း ၅ ပိုင်းကို တွေ့ရှိရပြီး လေကြောင်းတိုက်ခိုက်မှုမှာ အများဆုံး ဖြစ်ကြောင်း သိရသည်။
ကော်သူးလေဒေသအတွင်း ရွေးတုအစိုးရ၏ လေကြောင်းတိုက်ခိုက်မှုမှာ ၄၆ ဒသမ ၆ ရာခိုင်နှုန်းဖြင့် ၂၂၈ ကြိမ် ရှိခဲ့ပြီး လက်နက်ကြီး ပစ်ခတ်မှု ၁၂၉ ကြိမ်၊ ဒရုန်းတိုက်ခိုက်မှု ၁၀၃ ကြိမ် စုစုပေါင်း ၄၆၀ ကြိမ်အပြင် မီးရှို့ဖျက်ဆီးမှု ၁၂ ကြိမ်နှင့် အခြားချိုးဖောက်မှု ၁၇ ကြိမ် ရှိကြောင်း KNU က ထုတ်ပြန်သည်။
ထို့အပြင် ပြည်သူ့နေအိမ် ၃၉၀ လုံး၊ ဘုန်းကြီးကျောင်း ၈ ကျောင်း၊ ခရစ်ယာန်ဘုရားကျောင်း ၂ ကျောင်း၊ စာသင်ကျောင်း ၆ ကျောင်းနှင့် ဆေးရုံ ၅ ရုံ ပျက်စီးသွားခဲ့ရပြီး ယခုနှစ် ဧပြီ ၂၀ ရက်မှ ဇူလိုင် ၂၈ ရက်အထိ ကော်သူးလေဒေသအတွင်း တိုက်ပွဲပေါင်း ၅၃၆ ကြိမ် ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်ခေါင်းဆောင်မှ အသွင်ပြောင်းလာသည့် ရွေးတုသမ္မတ မင်းအောင်လှိုင်က ၎င်း၏ ရက် ၁၀၀ လုပ်ငန်းစဉ်တွင် ငြိမ်းချမ်းရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ ပညာရေးနှင့် လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကတိကဝတ်များ ပေးခဲ့သော်လည်း မြေပြင်တွင်မူ ပြောင်းပြန်ကွဲလွဲချက်များရှိကြောင်း KNU က ထောက်ပြထားသည်။
ရွေးတုအစိုးရ၏ ရက် ၁၀၀ စီမံချက်မှာ နိုင်ငံတကာ အသိုင်းအဝိုင်းထံ တည်ငြိမ်မှုနှင့် ပြုပြင်ပြောင်းလဲ ရေးဆိုင်ရာ ပုံရိပ်ယောင် ပြသရန်သာဖြစ်ပြီး မြေပြင်တွင် ပဋိပက္ခများ လျော့ပါးသွားခြင်း မရှိဘဲ ဆက်လက်ရှိနေပြီး စစ်ကြောင်းထိုး တိုက်ခိုက်မှုနှင့် အရပ်ဘက် အခြေခံအဆောက်အအုံများပါ ထပ်ခါတလဲလဲ တိုက်ခိုက်ခံနေရသည်။
ဓာတ်ပုံ – လူမှုကွန်ရက်