ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ ရက်
ရွေးတုအစိုးရ စစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် (ကြို/ရေ/လေ) ဗိုလ်ချုပ်ကြီးရဲဝင်းဦးသည် ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့တွင် ယနေ့ ဩဂုတ် ၁၉ ရက်မှစ၍ ၃ ရက်ကြာ ကျင်းပမည့် ထိုင်း-မြန်မာ စစ်ဘက်ဆိုင်ရာ အဆင့်မြင့် ဆွေးနွေးပွဲသို့ တက်ရောက်ရန် ဘန်ကောက်မြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း သိရသည်။
ကာကွယ်ရေးဦးစီးချုပ် ရဲဝင်းဦးသည် ခရီးစဉ်အတွင်း ထိုင်းစစ်တပ်၏ ကာကွယ်ရေးဦးစီးချုပ် Ukrit Bootanon နှင့်လည်း သီးခြားတွေ့ဆုံ ဆွေးနွေးမည်ဖြစ်သည်။
အဆိုပါ ခရီးစဉ်တွင် ရွေးတုအစိုးရ ရေတပ်ဦးစီးချုပ် ထိန်ဝင်းလည်း လိုက်ပါသွားခဲ့ပြီး ၎င်းကမူ ယခုအပတ်အတွင်း ဘန်ကောက်မြို့၌ လက်ခံကျင်းပမည့် အာဆီယံ ရေတပ်ဦးစီးချုပ်များ အစည်း အဝေးသို့ တက်ရောက်မည် ဖြစ်ကြောင်း သိရသည်။
ထောက်လှမ်းရေး အကြီးအကဲဟောင်း ရဲဝင်းဦး၏ ယခု ထိုင်းခရီးစဉ်မှာ ၎င်း ကာကွယ်ရေး ဦးစီးချုပ်အဖြစ် ရာထူးတိုးမြှင့်ခံရပြီးနောက်ပိုင်း ပထမဆုံး သွားရောက်သည့် ပြည်ပခရီးစဉ်ဖြစ်ပြီး ရွေးတုသမ္မတ မင်းအောင်လှိုင်၏ ထိုင်းခရီးစဉ်အပြီး ရက်အနည်းငယ်အကြာတွင် ထွက်ပေါ်လာ ခြင်းဖြစ်သည်။
“ရဲဝင်းဦးကို ဗိုလ်ချုပ်မှူးကြီးရာထူးအထိ တိုးပေးဖို့ လိုအပ်နေသေးတယ်။ ဒါဟာ မင်းအောင်လှိုင်က သူ့ရဲ့ ရာထူးအထက်စီးရစှုကို ဆက်လက်ထိန်းသိမ်းထားချင်တာကို ပြနေပြီး သူကသာ တကယ့် စစ်ဦးစီးချုပ် အဖြစ် ရှိနေသေးတယ်ဆိုတာကို ပြသလိုတာ” ဟု စစ်တပ်အသိုင်းအဝိုင်းနှင့် နီးစပ်သည့် လေ့လာသူ တစ်ဦးက သုံးသပ်ထားသည်။
ထိုင်းဝန်ကြီးချုပ်နှင့် ရွေးတုသမ္မတ မင်းအောင်လှိုင်တို့ တွေ့ဆုံစဉ်က ဆွေးနွေးခဲ့သည့် ကီလိုမီတာ ၂,၄၀၀ ကျော် ရှည်လျားသော နယ်စပ်ဒေသ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှု ခေါင်းစဉ်အောက်တွင် ပြီးခဲ့သည့်ရက်ပိုင်းက ကရင်အမျိုးသားအစည်းအရုံး (KNU) ထံ ပေးပို့မည်ဟု ယူဆရသည့် ဒရုန်းဆက်စပ်ပစ္စည်း ၂၄ မျိုးကို ထိုင်းဘက်က သိမ်းဆည်းရမိခဲ့ခြင်းများလည်း အပါအဝင် ဖြစ်ကြောင်း လေ့လာသူများက ဆိုသည်။
လက်ရှိတွင် ရဲဝင်းဦး၏ ထိုင်းခရီးစဉ်သည်လည်း အဆိုပါ နယ်စပ်ဒေသဆိုင်ရာ လုံခြုံရေးနှင့် တင်းမာမှုများကို ဆက်လက် မြင့်မားလာစေနိုင်ကြောင်း သုံးသပ်မှုများ ရှိနေသည်။
အာဆီယံအနေဖြင့် မြန်မာ့ပဋိပက္ခများကို ဖြေရှင်းနိုင်ရန် ဘုံသဘောတူညီချက် ၅ ချက်ကို လိုက်နာ ဆောင်ရွက်ခြင်းမရှိသမျှ ရွေးတုအစိုးရ ခေါင်းဆောင်များကို ထိပ်သီးအစည်းအဝေးများသို့ တက်ရောက် ခွင့်မပြုရန် သဘောတူထားသော်လည်း ထိုင်းအစိုးရကမူ မြန်မာ ရွေးတုအစိုးရနှင့် ပိုမိုနီးကပ်စွာ ဆက်ဆံရေးထူထောင်လာခြင်း ဖြစ်သည်။
ကိုးကား – Nikkei Asia