‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၉ရက်

စစ်ကိုင်းတိုင်း၊ ပင်လယ်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာများနှင့် ပြည်သူ့ဆေးရုံများကို ရွေးတုအစိုးရ စစ်တပ်က ဩဂုတ် ၁၆ ရက်မှစ၍ ရက်ဆက် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်လျက်ရှိရာ မိုင်းတုန်းတာ ကျေးရွာ တိုက်ခိုက်ခံရမှုအပါအဝင် သုံးရက်အတွင်း ပြည်သူ ၁၂ ဦးထက်မနည်း သေဆုံးပြီး ၁၃ ဦးကျော် ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။

 

ယခုကဲ့သို့ ပင်လယ်ဘူးမြို့နယ်အတွင်းရှိ ကျေးရွာများကို ရွေးတုအစိုးရ စစ်တပ်က နေရာအတိအကျ ပစ်မှတ်ထား၍ နေ့စဉ်နီးပါး လေကြောင်းမှ တိုက်ခိုက်နေခြင်းမှာ တော်လှန်ရေးတပ်များ၏ ထိန်းသိမ်းမှု အောက်မှ ဗမာအမျိုးသားတော်လှန်ရေးတပ်မတော် (BNRA) တပ်ရင်းမှူးနှစ်ဦး ထွက်ပြေးလွတ်မြောက် သွားပြီးနောက် ဖြစ်ပွားလာခြင်းဖြစ်သည်။

 

“ထွက်ပြေးသွားတဲ့ နှစ်ယောက်ကတော့ ဝန်းသို တပ်နယ်ထဲ ရောက်ရှိသွားပြီလို့ သိထားပါတယ်” ဟု သတင်းရင်းမြစ်တစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

BNRA ခေါင်းဆောင် ဗိုလ်နဂါးသည် ရွေးတုအစိုးရ စစ်တပ်နှင့် ပူးပေါင်းသွားခဲ့ပြီးနောက် တော်လှန် ရေးတပ်ဖွဲ့များက BNRA တပ်ရင်းမှူးများဖြစ်ကြသော သုဘရာဇာနှင့် ဒေါင်းညိုတို့နှစ်ဦးကို ထိန်းသိမ်း ထားရာမှ ပြီးခဲ့သည့် ဩဂုတ် ၁၅ ရက်တွင် ထွက်ပြေးလွတ်မြောက်သွားခဲ့ခြင်း ဖြစ်သည်။

 

ယင်းသို့ ထွက်ပြေးသွားပြီးနောက် ရွေးတုအစိုးရ စစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်မှစတင်ကာ ပင်လယ်ဘူးမြို့နယ်အတွင်းရှိ တော်လှန်ရေးတပ်များ စခန်းချရာနေရာများနှင့် ဆေးရုံများ၊ စာသင် ကျောင်းများ တည်ရှိရာ နေရာအတိအကျကို ပစ်မှတ်ထား၍ လေကြောင်းမှ ဆက်တိုက် ဗုံးကြဲ တိုက်ခိုက်လာခြင်း ဖြစ်သည်။

 

စစ်တပ်သည် ပြီးခဲ့သည့် ဩဂုတ် ၁၆ ရက်က ပင်လယ်ဘူးမြို့နယ်၊ ကင်းပန်းကျေးရွာရှိ NUG ဆေးရုံ၊ စာသင် ကျောင်းနှင့် ပြည်သူ့နေအိမ်များကို မန္တလေးနှင့် ဟုမ္မလင်းဘက်မှ တက်လာသော တိုက်လေယာဉ် နှစ်စင်း ဖြင့် ဗုံး ၈ လုံး ကြဲချခဲ့သည့်အပြင် ပြည်သူများကိုလည်း စက်လက်များဖြင့် ရမ်းသန်းပစ်ခတ်ခဲ့သည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် အသက် (၉) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး အပါအဝင် ပြည်သူ ၄ ဦး သေဆုံးခဲ့ပြီး အနည်းဆုံး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရာ အချို့မှာ ခြေပြတ်လက်ပြတ် ဒဏ်ရာများ ရသည်အထိ ပြင်းထန်ခဲ့သည်။

 

ထို့အပြင် ယမန်နေ့ ဩဂုတ် ၁၈ ရက်ကလည်း ပင်လယ်ဘူးမြို့နယ် မိုင်းတုံးတာကျေးရွာရှိ ရွှေကျင်း နေရာများကို လေကြောင်းမှ ရုတ်တရက် လာရောက်ဗုံးကြဲ တိုက်ခိုက်ခဲ့သဖြင့် လုပ်သား ပြည်သူ ရှစ် ဦး ထိခိုက်သေဆုံးခဲ့ရသည်။

 

လက်ရှိတွင် ပင်လယ်ဘူးမြို့နယ်အတွင်း ရွေးတုအစိုးရ စစ်တပ်၏ လေကြောင်းအန္တရာယ် ပိုမိုကြီးမား လာနေသဖြင့် ဒေသခံပြည်သူများအနေဖြင့် လေကြောင်းဘေးအန္တရာယ်ဆိုင်ရာ သတိပေးချက်များကို ဂရုစိုက်ကြရန်နှင့် ဗုံးခိုကျင်းများတူး၍ အထူးသတိထား နေထိုင်ကြရန် တော်လှန်ရေးအဖွဲ့အစည်းများက နှိုးဆော်ထားပြီး ဒေသခံအများစုသည်လည်း ဘေးလွတ်ရာနေရာများသို့ တိမ်းရှောင်ထွက်ပြေးနေ ရကြောင်း သိရသည်။