ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၉ရက်
ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး ရွေးတုအစိုးရ စစ်တပ်၏ ကုန်စည် ပိတ်ဆို့မှုကြောင့် ဒေသခံပြည်သူများနှင့် စစ်ဘေးရှောင်များ အဓိကရိက္ခာ အခက်အခဲနှင့် ကြုံတွေ့နေ ရချိန်တွင် ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) နှင့် ရခိုင်ပြည်နယ်ရွေးတုအစိုးရအဖွဲ့တို့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။
ရိက္ခာပြတ်လပ်မှုနှင့် စစ်ဘေးရှောင်စခန်းများ အကူအညီလိုအပ်နေချိန်တွင် စစ်တွေမြို့ရှိ ယာယီစခန်း များနှင့် IDP စခန်းများ၌ နေထိုင်သူများအား ဆန်နှင့် စားနပ်ရိက္ခာများ ထောက်ပံ့နိုင်ရေးအတွက် ရွေးတုအစိုးရ၏ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦး ဦးဆောင်သော အဖွဲ့နှင့် WFP ၏ မြန်မာနိုင်ငံဆိုင်ရာ ဌာနေကိုယ်စားလှယ် Mr. Michael John Dunford တို့သည် စစ်တွေမြို့၌ ယမန်နေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက တွေ့ဆုံဆွေးနွေးခဲ့ကြသည်။

“ပြီးခဲ့တဲ့ ၂၀၂၄ က WFP ပို့တဲ့ စားနပ်ရိက္ခာတွေကို နယ်ခြားစောင့်စခန်းတွေမှာ သုံးလို့ WFP က စာထုတ်ခဲ့ရတယ်။ အခုလည်း စစ်တွေကို ဗဟိုပြုပြီး ဆွေးနွေးတာပေါ့။ AA ထိန်းချုပ်နယ်မြေက လူတွေကို လူလို့မထင်ကြတာပေါ့။ လမ်းကြောင်း ပိတ်ဆို့မှုတွေနဲ့ တအား ခက်ခဲနေကြပါတယ်” ဟု ရခိုင်သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရ စစ်တပ်သည် ရခိုင်ပြည်နယ်တောင်ပိုင်းရှိ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်များကို ကုန်စည်စီးဆင်းမှု ပိတ်ဆို့ထားခဲ့ရာ ယခင်က ဧရာဝတီတိုင်းနှင့် ပဲခူးတိုင်းတို့မှတစ်ဆင့် ကုန်စည် စီးဆင်းခဲ့ရသည်။
သို့သော် လက်ရှိတွင် အဆိုပါ လမ်းကြောင်းများ ပိတ်ဆို့ခံထားရသဖြင့် ရခိုင်မြောက်ပိုင်း နယ်မြေများ မှတစ်ဆင့် ကုန်သွယ်နေရသော်လည်း အမ်းနှင့် အဉ္စနပူရ (မင်းပြား) ကြား တံတားနှစ်စင်း ကျိုးကျမှု၊ ရေကြီးရေလျှံမှုများကြောင့် ရခိုင်တောင်ပိုင်းမှ ဒေသခံများနှင့် စစ်ဘေးရှောင်များမှာ အကျပ်အတည်း များ ပိုမို ကြုံတွေ့နေရသည်။

ရွေးတုအစိုးရအနေဖြင့် WFP နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်နေသော်လည်း အမှန်တကယ် စားနပ်ရိက္ခာ လိုအပ်နေသော နယ်မြေများရှိ ဒေသခံများထံ ရိက္ခာဝေမျှမည့် အစီအစဉ်မရှိဘဲ စစ်တွေ၊ ကျောက်ဖြူနှင့် မာန်အောင် စသည့် မြို့နယ် သုံး ခုအတွင်းသာ လှည့်လည်သွားလာနိုင်ဖွယ်ရှိကြောင်း သိရသည်။
ယခင် ထောက်ပံ့မှုများကဲ့သို့ပင် ရရှိလာသည့် ရိက္ခာများသည် နယ်ခြားစောင့်တပ်စခန်းများနှင့် စစ်တပ်၏ လက်အောက်ခံတပ်များထံသို့သာ ဦးတည်ရောက်ရှိသွားနိုင်ခြေရှိကြောင်း မြေပြင်အခြေ အနေများကို စောင့်ကြည့်သူများက ဆိုသည်။
ဓာတ်ပုံ – အင်တာနက် (ပုံဟောင်း)