နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်

နိုင်ငံတဝန်း စစ်ရေးတိုးမြှင့်၍ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသည့် အာဏာသိမ်း ရွေးတုအစိုးရ၏ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု ညှိနှိုင်းရေးကော်မတီ (NSPNC) က ၎င်းတို့အသိအမှတ်ပြု နိုင်ငံရေးပါတီများကို ခေါ်ယူတွေ့ဆုံ၍ ငြိမ်းချမ်းရေး ဆွေးနွေးရန် အလုပ်အဖွဲ့ ဖွဲ့စည်းလိုက်ကြောင်း သိရသည်။

အဆိုပါ တွေ့ဆုံမှုကို နေပြည်တော်တွင် ဩဂုတ် ၁၇ ရက်က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရွေးတု အစိုးရထံ မှတ်ပုံတင်ထားသည့် နိုင်ငံရေးပါတီ ၅၅ ပါတီ တက်ရောက်ခဲ့ပြီး ရွေးတုအစိုးရ၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီ၏ ကိုယ်စားပြုပါဝင်မှု အများအပြားဖြင့် အလုပ်အဖွဲ့ ဖွဲ့စည်းခြင်းကို ခွင့်ပြုလိုက်ကြောင်း သိရသည်။

မြန်မာ့အရေး ဖြေရှင်းမည်ဆိုပါက မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သက်ဆိုင်သူများအားလုံး မဖြစ်မနေ ပါဝင်ရန်လိုအပ်ကြောင်း ၂၀၂၀ ရွေးကောက်ပွဲ အနိုင်ရ NLD ပါတီ အမတ်တစ်ဦးက ထောက်ပြသည်။

“တကယ်စစ်မှန်တဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲဖြစ်လာမယ်လို့ မယုံကြည်ပါဘူး။ တကယ်ငြိမ်းချမ်းရေး လိုချင်ရင် ကျွန်တော်တို့ NLD ပါတီဥက္ကဋ္ဌ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံ နိုင်ငံရေးအကျဥ်းသားအကုန် လွှတ်ပေးရမှာ ဖြစ်ပါတယ်” ဟုNLD ပါတီ အမတ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်အုပ်စုသည် အသွင်ပြောင်း ရွေးတုအစိုးရအဖြစ် ပြောင်းလဲပြီးနောက် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဟုဆိုကာ ပြန်လည်ဖွဲ့စည်းထားသည့် NSPNC နှင့် ထိုနိုင်ငံရေးပါတီများ ပထမဆုံးအကြိမ် တကျော့ပြန် တွေ့ဆုံလာခြင်းဖြစ်သော်လည်း စစ်မှန်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲ ဖြစ်လာရန် မရှိကြောင်း သုံးသပ်မှုများရှိသည်။

“စစ်အုပ်စုက တစ်ဖက်မှာ ငြိမ်းချမ်းရေးဆိုတဲ့ စကားကို အသွင်သွင်သုံးတယ်။ ဒါပေမဲ့ တကယ့် တကယ်တမ်းမှာတော့ ငြိမ်းချမ်းရေးလား၊ စစ်ကြေညာတာလား။ ဒါမှမဟုတ် ငြိမ်းချမ်းရေးလား၊ သစ္စာခံခိုင်းတာလား မကွဲဘူး” ဟု နိုင်ငံရေးလေ့လာသုံးသပ်သူ ဦးစိုးဝင်းဆွေက ဧရာဝတီတိုင်းမ်သို့ သုံးသပ်ပြောဆိုသည်။

အဆိုပါ အလုပ်အဖွဲ့ကို တက်ရောက်လာသော နိုင်ငံရေးပါတီများအနက် ပြီးခဲ့သည့် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ၌ အမတ် ခြောက် နေရာနှင့်အထက် အနိုင်ရပါတီများမှ ၁၄ ဦး၊ အမတ် တစ် နေရာမှ ငါး နေရာအထိ အနိုင်ရပါတီများမှ ၁၂ ဦးနှင့် တစ်နေရာမျှ မနိုင်သည့် ပါတီများမှ ခြောက် ဦး စုစုပေါင်း ၃၂ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရသည်။

ထိုသို့ဖွဲ့စည်းရာတွင် ရွေးတုအစိုးရ၏ လက်ဝေခံ ကြံ့ခိုင်ရေးပါတီသည် အမတ်နေရာ အများဆုံး ရရှိထားသည်ဟုဆိုကာ နှစ် ဦး ပါဝင်ခွင့်ရပြီး ကျန်နိုင်ငံရေးပါတီများမှာ တစ် ဦးစီသာ ရွေးချယ်ခံရသဖြင့် အာဏာသိမ်းပြီးစအချိန်က ဖွဲ့စည်းခဲ့သော အလုပ်အဖွဲ့နှင့် ပုံစံတူနေကြောင်း ပါတီအသိုင်းအဝိုင်းထံမှ သိရသည်။

လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ (DPNS) ၏ တွဲဘက်အတွင်းရေးမှူး ဒေါ်နှင်းနှင်းမွှေးကလည်း ငြိမ်းချမ်းရေး ဖိတ်ခေါ်နေသော်လည်း မြေပြင်တွင် ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် စစ်အုပ်စုတွင် ငြိမ်းချမ်းလိုစိတ် ရှိမနေဘဲ ဟန်ပြလုပ်ရပ်များသာ ဖြစ်ကြောင်း ထောက်ပြသည်။

“စစ်အုပ်စုက ငြိမ်းချမ်းရေးဆိုတာကို ပြောနေတာနဲ့ တစ်ပြိုင်နက် လူသတ်မှု၊ ဗုံးကြဲမှုတွေ နေ့တိုင်း လုပ်နေတာ။ သူတို့ဆီမှာ ငြိမ်းချမ်းလိုတဲ့စိတ် လုံးဝမရှိဘူးဆိုတာ တွေ့ရတယ်။ ငြိမ်းချမ်းရေး ဆိုတဲ့ စကားကို သူတို့တွေ ဘယ်လောက်ပဲအော်အော် ဖြစ်လာမှာ မဟုတ်ဘူး” ဟု ဒေါ်နှင်းနှင်းမွှေးက ဧရာဝတီ တိုင်းမ်ကို ပြောသည်။

နိုင်ငံရေးပါတီများ အစုအဖွဲ့၏ အလုပ်အဖွဲ့ကို ယခင်က မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် နိုင်ငံရေးပါတီများအားလုံး၏ ကိုယ်စားပြုအဖြစ် စနစ်တကျ ဖွဲ့စည်းခဲ့ သော်လည်း စစ်အုပ်စု၏ အာဏာသိမ်းမှုကြောင့် ပျက်ပြယ်သွားခဲ့ရခြင်း ဖြစ်သည်။

အလားတူ ယခင် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) အရ ဖွဲ့စည်းခဲ့သော ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင်လည်း အဆိုပါ အလုပ်အဖွဲ့သည် အစိုးရ၊ စစ်တပ်၊ လွှတ်တော် အစုအဖွဲ့၊ NCA ရေးထိုးသည့် တိုင်းရင်းသား လက်နက်ကိုင်များ အစုအဖွဲ့နှင့်အတူ နိုင်ငံရေးပါတီများ အစုအဖွဲ့အဖြစ် ပါဝင်ခဲ့သည်။

၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ မတိုင်ခင်က ဖွဲ့စည်းခဲ့သည့် နိုင်ငံရေးပါတီများ အစုအဖွဲ့၏ ပထမအကြိမ် အလုပ်အဖွဲ့တွင် လက်ရှိ ပြည်ထောင်စုအတိုင်ပင်ခံကောင်စီ အဖွဲ့ဝင် ပြည်သူ့ပါတီဥက္ကဋ္ဌ ဦးကိုကိုကြီးက အဖွဲ့ခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့သည်။

ယခု ဒုတိယအကြိမ် ဖွဲ့စည်းလိုက်သော အလုပ်အဖွဲ့ကို မည်သည့်ပါတီက ခေါင်းဆောင်မည်ကို သိရှိရခြင်းမရှိသေးဘဲ လာမည့် စက်တင်ဘာလလယ်တွင် ရွေးတုအစိုးရ လက်အောက်ခံ NSPNC နှင့် ထပ်မံ တွေ့ဆုံ ဆွေးနွေးသွားရန်ရှိကြောင်း သိရသည်။

ဓာတ်ပုံ – MOI