ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
ယခုရက်ပိုင်းအတွင်း ရေကြီးမှုကို အကြောင်းပြကာ စျေးကွက်အတွင်း ဆန်စျေးနှုန်းများ အဆမတန် မြင့်တက်နေချိန်တွင် ယခုနှစ်ကုန်အထိ ပြည်တွင်း စားသုံးရန် ဆန်လုံလောက်စွာ ထုတ်လုပ် ရောင်းချနိုင်ပြီး ဆန်အမျိုးအစား နှစ်မျိုးကို အိမ်တိုင်ရာရောက် ရောင်းချပေးမည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) က ယနေ့ ဩဂုတ် ၁၈ ရက် တွင် ထုတ်ပြန်သည်။
ရန်ကုန်တိုင်းအပါအဝင် နေပြည်တော်တွင် ရွှေဘိုပေါ်ဆန်း ၂၄ ပြည် (၁၀၈ ပေါင်) အိတ်ကို တစ်အိမ်လျှင် ကျပ်နှစ်သိန်းနှုန်း၊ ဧရာဝတီပေါ်ဆန်း ၂၄ ပြည် အိတ်ကို ကျပ်တစ်သိန်းခွဲနှုန်းဖြင့် အိမ်အရောက်ပို့စနစ်ဖြင့် ရောင်းချပေးမည်ဖြစ်သည်။ ထို့ပြင် ရေကြီးနေသော ဒေသများသို့ ဆန်လှူဒါန်းလိုပါက ဧည့်မထ ၁၅ ရာခိုင်နှုန်းအဆင့် ဆန်အိတ်ပေါင်း ၁ သိန်းကို တစ်အိတ်လျှင် ကျပ် ခုနစ်သောင်းနှုန်းဖြင့် ပရဟိတနှင့် လူမှုရေးအဖွဲ့အစည်းများထံ ရောင်းချပေးမည်ဟု MRF က ဆိုသည်။

သို့သော်လည်း လက်ရှိ ပြည်သူများ ရင်ဆိုင်နေရသည့် အခြေအနေမှာ တူညီခြင်းမရှိဘဲ စျေးကွက်အတွင်း ဆန်တစ်အိတ်လျှင် ကျပ် ၁၇၀,၀၀၀ မှ ကျပ် ၂၀၀,၀၀၀ ကျော်အထိ စျေးနှုန်းများ ခုန်တက်သွားကြောင်း ရန်ကုန်မြို့ခံများထံမှ သိရသည်။
ယခုလပိုင်းအတွင်း ဆန်ဈေးနှုန်းများတဖြေးဖြေးမည့်တက်လာရာ ရေကြီးနေမှုကြောင့် ဆန်ဈေးပိုမို မြင့် တက်လာပြီး ဈေးနှုန်းများအဆမတန် ဖြစ်ပေါ်နေကြောင်းရန်ကုန်မြို့ရှိ အိမ်ရှင်မများ ထံမှ သိရသည်။
“ဆန်စျေးတွေ တအားတက်တာပဲ။ ပြီးခဲ့တဲ့တစ်ပတ်က တစ်အိမ်ကို အနည်းဆုံး ငါးထောင် ကျော် တက်တယ်။ အခု တစ်သောင်းကျော်တယ်။ ဆန်တစ်အိတ် နှစ်သိန်းကျော် ဘယ်လိုသွားစားမတုန်း။ စားလို့သင့်တော်မယ့် ဆန်အမျိုးအစားမျိုး ရှာနေတယ်၊ ကြမ်းတာတွေ မစားနိုင်ဘူး” ဟု ရန်ကုန်မြို့ခံ အိမ်ရှင်မတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

လက်ရှိ ဆန်/ လက်လီလက်ကားရောင်းချသည့်ဆိုင်များတွင် တစ်ဆိုင်နှင့်တစ်ဆိုင်ဈေးနှုန်းကွာဟ ချက်များရှိကာ ပြည်တွင်းစားသုံးမှုများသည့် ဖျာပုံပေါ်ဆန်း၊ ကျားပျံ၊ ဧရာရွှေဘို၊ ရွှေဘိုပေါ်ဆန်းမွှေး။ ရွှေဘိုပေါ်ဆန်းမွှေးထိပ်စ အမျိုးအစားမျိးမျိုးရှိကာ ယင်းဆန်တစ်အိတ်လျှင် ကျပ် ၁၇၀,၀၀၀ မှ ကျပ်၂၀၀,၀၀၀ ကျော်အထိရှိကြောင်း စုံစမ်းသိရသည်။
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ၏ ဩဂုတ်လ ၁၄ ရက်နေ့ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတွင် စစ်ဘေးဒဏ်၊ စီးပွားရေး ကျပ်တည်းမှုနှင့် ကုန်စျေးနှုန်း မြင့်မားမှုများကြောင့် လူဦးရေ ၁၂.၄ သန်းခန့်သည် လက်ရှိတွင် ငတ်မွတ်ခေါင်းပါးမှုကို ရင်ဆိုင်နေရကြောင်း သိရသည်။
ပြီးခဲ့သည့် ဇူလိုင်လကုန်ပိုင်းမှစ၍ ရေကြီးရေလျှံမှုများကြောင့် အိမ်များနှင့် သီးနှံစိုက်ခင်းများ ပျက်စီးခဲ့ရပြီး ဒေသခံ စျေးကွက်များကို ထိခိုက်စေခဲ့ရာ အစားအစာ မလုံလောက်မှု ပြဿနာများ ပိုမို ဆိုးရွားလာနေသည်။
ရေဘေးသင့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့နယ်ရှိ ကျေးရွာများအတွက် WFP က အာဟာရပြည့် ဘီစကတ် မက်ထရစ်တန် ၂၀ ကို ပို့ဆောင်၍ လူဦးရေ ၁၀,၀၀၀ ခန့်အတွက် အရေးပေါ် အကူအညီများ စတင် ပေးအပ်နေပြီ ဖြစ်သည်။
ဆန်စပါးအသင်းချုပ် (MRF) ကမူ ဧရာဝတီတိုင်းတွင် မိုးစပါး ဧက ၃ ဒသမ ၇ သန်းအနက် ရေနစ်မြုပ်ဧက သုည ဒသမ ၃၁ ရာခိုင်နှုန်းသာ ရှိသဖြင့် ပြည်တွင်း ဆန်လုံလောက်မှု ရှိမည်ဖြစ်ပြီး ဆန်ကုန်သည်များနှင့် ရောင်းချသူများအနေဖြင့် စျေးနှုန်း မြှင့်တင် ရောင်းချခြင်း မပြုကြရန် မေတ္တာရပ်ခံထားသည်။
ဓာတ်ပုံ – လူမှုကွန်ရက်၊ ဧရာဝတီတိုင်းမ်