ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်

ရန်ကုန်တိုင်း၊ လှိုင်မြို့နယ်၊ အမှတ် (၈) ရပ်ကွက်အတွင်းရှိ ရာအိမ်မှူးအချို့သည် စစ်မှုထမ်းရန် ဖမ်းဆီးခံရသည့် လူငယ်များ၏ မိသားစုဝင်များထံမှ စစ်ဘက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) အရာရှိအယောင်ဆောင်ကာ ရှေ့တန်းမလွှတ်ရေးနှင့် လူစားထိုးပေးမည်ဟုဆို၍ ငွေကျပ် သိန်းပေါင်း များစွာ လိမ်လည်တောင်းခံနေကြောင်းသိရသည်။

လှိုင်မြို့နယ် အမှတ် (၈) ရပ်ကွက်မှ ရာအိမ်မှူး “ပေတံ” ဆိုသူက ရပ်ကွက်အတွင်းရှိ လူငယ်များကို ဖမ်းဆီး၍ လိုက်လံ ပေးပို့ခြင်းများ ပြုလုပ်လေ့ရှိပြီး အခြားရာအိမ်မှူးတစ်ဦးဖြစ်သူ “ရဲအောင်” ဆိုသူက စရဖ အရာရှိအဖြစ် ဟန်ဆောင်၍ ကြားမှအကျိုး ဆောင်ပေးမည်ဟုဆိုကာ ငွေကြေးလိမ်လည် နေခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“သူတို့နှစ်ယောက်က စနစ်တကျ မသမာကြံစည်နေတာပါ။ တစ်ယောက်က လိုက်ဖမ်းပေးပြီး ကျန်တစ်ယောက်က စရဖ အရာရှိယောင်ဆောင်ပြီး လွတ် မြောက်ရေးအတွက်ဆိုပြီး ငွေကြေးတွေ လိမ်ညာတောင်းခံနေတာ ဖြစ်ပါတယ်” ဟုဖမ်းဆီးခံရသည့် လူငယ်တစ်ဦး၏ မိသားစုဝင်နှင့် နီးစပ်သူက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ရာအိမ်မှူး ရဲအောင် ဆိုသူသည် စရဖ တပ်ဖွဲ့တွင် အဆက် အသွယ်ရှိသဖြင့် စစ်သင်တန်းဆင်းပါက ရှေ့တန်းစစ်မျက်နှာပြင်သို့ မပါဝင်စေရေးအတွက် ငွေကျပ် သိန်း ၃၀၊ အပြီးအပိုင် လူစားထိုး လွတ်မြောက်ရေးအတွက် ငွေကျပ် သိန်း ၈၀ ပေးရမည်ဟုဆိုကာ ဖမ်းဆီးခံ လူငယ်များ၏ မိသားစု ဝင်များကို ဆက်သွယ်တောင်းခံနေခြင်းဖြစ်ကြောင်း သိရသည်။

ရာအိမ်မှူးနှစ်ဦး ပူးပေါင်း၍ စစ်မှုထမ်းဥပဒေကို အကြောင်းပြကာ ငွေကြေးလိမ်လည်တောင်းခံနေ သည်ကို ဒေသခံပြည်သူများအနေဖြင့် အထူးသတိပြုကြရန်နှင့် နောက်ထပ်သားကောင်မဖြစ်စေရန် အချင်းချင်း သတိပေးနှိုးဆော်ထားသည်။