ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်

 

ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်အတွင်း ရပ်ကွက်နှင့် ကျေးရွာအုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများတွင် ပြည်သူ များက မဲပေး ရွေးချယ်ထားသည့် အုပ်ချုပ်ရေးမှူးအသစ်များကို လက်ရှိအချိန်အထိ တာဝန်ပေးအပ်ခြင်း မရှိသေးဘဲ ရွေးတုအစိုးရစစ်တပ်က ယခင်ခန့်အပ်ထားသည့် ဒေါက်တိုင်ဟောင်းများကိုသာ ဆက်လက် တာဝန်ပေးထားကြောင်း ဒေသခံများထံမှ သိရသည်။

 

ပြီးခဲ့သည့် မေလအတွင်းကစတင်၍ ရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများကို ပြုလုပ်ခဲ့ပြီး အင်္ဂပူမြို့နယ်ရှိ ကျေးရွာအုပ်စုအချို့တွင် ပြည်သူများက မဲပေး ရွေးချယ်ထားသူများ ရှိသော်လည်း ခန့်အပ်မှု မရှိသေးဘဲ ရွေးချယ်ခံရသူများပင် ဘာဆက်ဖြစ်မည်ကို သိရှိရခြင်းမရှိသေးကြောင်း နီးစပ် သူများက ဆိုသည်။

 

“အခုထိ အသစ်ရွေးထားတဲ့ အုပ်ကြီးတွေက လူကြီး မဖြစ်သေးဘူး။ ရွေးချယ်ခံထားရတဲ့သူတွေလည်း ဘာဆက်ဖြစ်မလဲဆိုတာ မသိရသေးဘူး။ အရင်က စစ်တပ်က ခန့်ထားတဲ့ အုပ်ချုပ်ရေးမှူးတွေပဲ ဆက်ပြီး အုပ်ချုပ်ရေးလုပ်ငန်းတွေ လုပ်နေတာ” ဟု အင်္ဂပူမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထို့အပြင် ရန်ကုန်တိုင်းအတွင်းရှိ မြို့နယ်တော်တော်များများတွင်လည်း ရွေးချယ်ပွဲပင် မလုပ်ဘဲ စစ်တပ်က ခန့်အပ်ထားသည့် အုပ်ချုပ်ရေးမှူးဟောင်းများကပင် ဆက်လက် အုပ်ချုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။

 

“ရန်ကုန်မှာရှိတဲ့ မြို့နယ်တော်တော်များများမှာ ရွေးချယ်ပွဲတောင်မလုပ်ကြဘူး။ အရင်အုပ်ကြီးတွေပဲ။ စစ်တပ်ခန့်ထားတဲ့ အုပ်ကြီးတွေပဲ ဆက်လုပ်နေကြတာ” ဟု ဒဂုံးမြို့သစ်တွင်နေထိုင်သူ တစ်ဦးက ဧရာ၀တီတိုင်းမ်ကိုပြောသည်။

 

ရွေရပ်/ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်မှုများကို လွတ်လပ်ပြီး ဘက်လိုက်မှုမရှိစေရန် ဆောင်ရွက်နေ ခြင်းဖြစ်သည်ဟု စစ်တပ်က ဟန်ပြ ပြောဆိုထားသော်လည်း မြေပြင်တွင် မဲပေးရွေးချယ်ခံရသည့် အုပ်ချုပ်ရေးမှူးအသစ်များကို တာဝန်ပေးခြင်းမရှိဘဲ ၎င်းတို့၏ ဒေါက်တိုင် အုပ်ချုပ်ရေးမှူးဟောင်းများ ကိုသာ ဆက်လက် သုံးစွဲလျက်ရှိသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်(ပုံဟောင်း)