ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၈ ရက်
ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်တွင် ယနေ့ ဩဂုတ် ၁၈ ရက် နံနက်ပိုင်းက ကျောင်းသွားရန် ပြင်ဆင်နေသည့် အသက် (၈) နှစ်အရွယ် ကလေးငယ်တစ်ဦး တိုက်ခန်းအတွင်း၌ ဓားဖြင့် ထိုးခံရ၍ သေဆုံးသွားပြီး ကာကွယ်ပေးသည့် အဘွားဖြစ်သူပါ ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများနှင့် ကူညီကယ်ဆယ်ရေး အသင်းထံမှ သိရသည်။
ဒေါပုံမြို့နယ်၊ ဗိုလ်တွန်းဇံရပ်ကွက်ရှိ တိုက်ခန်းတစ်ခုတွင် ယနေ့ ဩဂုတ် ၁၈ ရက် နံနက် ၈ နာရီ ကျော်ခန့်က ကျောင်းသွားရန် ပြင်ဆင်နေသည့် အဆိုပါ ကလေးငယ်ကို တစ်တိုက်တည်းနေ အသက် ၅၀ ကျော်အရွယ် အမျိုးသားတစ်ဦးက ဓားဖြင့် ဝင်ရောက်၍ ထိုးနှက်ခဲ့ခြင်း ဖြစ်သည်။

အဆိုပါ ဖြစ်စဉ်တွင် ကလေးငယ်အား ကာကွယ်ပေးခဲ့သည့် အဘွားဖြစ်သူပါ ဓားဒဏ်ရာများ ရရှိခဲ့သဖြင့် ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနသို့ ပို့ဆောင်၍ ကုသပေးနေရကြောင်း သိရသည်။
“အကူအညီတောင်းလို့ သွားရောက်ချိန်မှာ ကလေးငယ်ဟာ သေဆုံးနေပါပြီ။ အဘွားဖြစ်သူမှာလည်း ထိခိုက်ဒဏ်ရာတွေ ရထားလို့ ရန်ကုန်ဆေးရုံကြီး အရေးပေါ်ဌာနကို ပို့ဆောင်ပေးခဲ့ပါတယ်” ဟု လူမှုကူညီရေးအသင်း တာဝန်ရှိသူတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဓားဖြင့် ထိုးသူအား ၎င်း၏ မိသားစုဝင်များက ရဲတပ်ဖွဲ့ထံ အပ်နှံခဲ့ကြောင်း သိရပြီး အဆိုပါ အမျိုးသား သည် စိတ်ကျန်းမာရေး မကောင်းသူဖြစ်သည်ဟု ဒေသခံအချို့က ပြောဆိုကြသော်လည်း ရဲတပ်ဖွဲ့၏ တရားဝင် ထုတ်ပြန်ချက်ကိုမူ သိရှိရခြင်းမရှိသေးပေ။
သေဆုံးသွားသည့် ကလေးငယ်၏ ရုပ်အလောင်းအား “ကိုပူတူးနှင့် ဘော်ဒါများ ပရဟိတအသင်း” နာရေးကူညီမှုယာဉ်ဖြင့် ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
ဓာတ်ပုံ – ကိုပူတူး