ဧရာဝတီတိုင်းမ်
(ထားဝယ်)၊ ဩဂုတ် ၁၈ ရက်

 

ရွေးတုအစိုးရ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်မြိုင်၏ သားဖြစ်သူ ထားဝယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ ဒုအကောက်ခွန်မှူး ဖြိုးစံသည် ဖမ်းဆီးခံထားရစဉ် လက်နက်လုယူ၍ ထွက်ပြေးသဖြင့် တော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်ဖမ်းဆီးခဲ့ရာ နေရာတွင်ပင် သေဆုံးသွားကြောင်း တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃) က ယနေ့ ဩဂုတ် ၁၈ ရက် တွင် ထုတ်ပြန်သည်။

 

ဒုအကောက်ခွန်မှူး ဖြိုးစံသည် ဖမ်းဆီးခံထားရစဉ် ရွေးတုအစိုးရ စစ်တပ် စစ်ကြောင်းထိုးလာသည်ကို အခွင့် ကောင်းယူကာ လုံခြုံရေး ရဲဘော်များထံမှ လက်နက်လုယူ ခုခံထွက်ပြေးခဲ့ခြင်း ဖြစ်သည်။

“ဟုတ်ပါတယ်၊ ရွေးတုအစိုးရ မတက်ခင် အာဏာသိမ်းကတည်းက ဒုဝန်ကြီးဖြစ်ခဲ့တဲ့ အောင်မြိုင်ရဲ့ သားပါ” ဟု နည်းဗျူဟာ (၃၃) နည်းဗျူဟာမှူး၊ ရဲဘော်စောဒါးက ဧရာဝတီတိုင်းမ်သို့ အတည်ပြု ပြောကြားသည်။

 

ဦးအောင်မြိုင်သည် လက်ရှိ ရွေးတုအစိုးရ၏ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဖြစ်ပြီး စစ်တပ် အာဏာသိမ်းပြီး ၂၀၂၁ ခုနှစ် ဩဂုတ်လ ကတည်းက ဒုတိယဝန်ကြီးအဖြစ် စတင် ခန့်အပ်ခံခဲ့ရသူ ဖြစ်သည်။

 

တော်လှန်ရေးတပ်ဖွဲ့များသည် ဒုအကောက်ခွန်မှူး ဖြိုးစံကို လောင်းလုံမြို့နယ်၊ မောင်းမကန် ကမ်းခြေ အနီးတွင် ပြီးခဲ့သည့် ဇူလိုင် ၂၀ ရက်နေ့က ဖမ်းဆီးရမိခဲ့ခြင်း ဖြစ်သည်။ ဒုအကောက်ခွန်မှူး ဖြိုးစံသည် ရွေးတုအစိုးရနှင့် ရုရှားနိုင်ငံတို့ ပူးပေါင်း လုပ်ဆောင်နေသည့် ထားဝယ် ရေနက်ဆိပ်ကမ်း စီမံကိန်းသို့ လာရောက်၍ သဘာဝ ဓာတ်ငွေ့ တူးဖော်ရေး အခြေအနေများနှင့် စက်ပစ္စည်းများကို ဝင်ရောက် စစ်ဆေးစဉ် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်သည်။

 

ရွေးတုအစိုးရ လက်အောက်ခံ Non-CDM ဝန်ထမ်းများအနေဖြင့် တော်လှန်ရေး တပ်ဖွဲ့များ၏ ဖမ်းဆီးခြင်း ခံရ၍ ညွှန်ကြားချက်များကို လိုက်နာပါက လူ့အခွင့်အရေးနှင့်အညီ စောင့်ရှောက်သွားမည် ဖြစ်ပြီး စစ်တပ်ကို အားကိုးကာ ပြန်လည်ခုခံပါက ယခုကဲ့သို့ပင် ပစ်ခတ်ခံရမည် ဖြစ်ကြောင်း နည်းဗျူဟာ (၃၃) က သတိပေး ထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ-တနင်္သာရီတိုင်းစစ်ဌာန၊ နည်းဗျူဟာ (၃၃)