ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်
ဧရာဝတီမြစ်၊ ငဝန်မြစ်နှင့် တိုးမြစ်ရေများ ဆက်လက် မြင့်တက်လာမှုကြောင့် ဧရာဝတီတိုင်းအတွင်းရှိ ဆိပ်သာ၊ ဟင်္သာတ၊ ဇလွန်၊ ငါးသိုင်းချောင်းနှင့် မအူပင်မြို့တို့တွင် မြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိနေပြီး နောက်တစ်ရက်အတွင်း ထပ်မံ မြင့်တက်လာမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) က ယနေ့ ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်သည်။
မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် ပဲခူးတိုင်းတို့ရှိ မြို့နယ် ၄၁ ခုတွင် ရေဘေးသင့် ပြည်သူ ၁ ဒသမ ၃ သန်းအထိ ရှိလာကြောင်း ISP Myanmar က ထုတ်ပြန်ထားသည်။

ဧရာဝတီမြစ်ရေသည် ဟင်္သာတနှင့် ဇလွန်မြို့တို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး လာမည့် ၂၄ နာရီအတွင်း ၂၀ စင်တီမီတာ (၈ လက်မခန့်) ထပ်မံ မြင့်တက်လာမည် ဖြစ်သည်။ ဇလွန်မြို့နယ်ရှိ ဧရာဝတီ -ဟင်္သာတ (ညောင်ပင်သာ ပန်းတာ) နှင့် မြန်အောင်မြို့နယ်ရှိ မြန်အောင်တာမိုင် ၆/၃ အနီး မြေထိန်း ကွန်ကရစ်နံရံကို သဲအိတ်များ ကာရံနေရကြောင်း ဧရာဝတီတိုင်းရွေးတုအစိုးရအဖွဲ့ထံမှ သိရသည်။
ဝန်မြစ်ရေသည် ငါးသိုင်းချောင်းမြို့တွင် စိုးရိမ်ရေမှတ်အထက် ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း ၅ စင်တီမီတာ ထပ်မံ မြင့်တက်မည်ဖြစ်သည်။
“မြို့ထဲ ရေဝင်တာ တစ်ပတ်ကျော်ပြီ။ ဘယ်နေရာ ရွှေ့ပြောင်းရမလဲ မသိဘူး၊ တာဝန်ယူပေးမယ့်သူလည်း မရှိတော့ အထုပ်ထုပ်ပြီး စောင့်နေရတာ။ အခု ရေပိုများလာလို့ အခြားမြို့ကို ပြောင်းဖို့ လုပ်နေရတယ်” ဟု ငါးသိုင်းချောင်း ဒေသခံ အမျိုးသမီးတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဆိပ်သာမြို့တွင်မူ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်ထက် ကျော်လွန်နေသော်လည်း လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်အောက်သို့ ပြန်လည် ကျဆင်းနိုင်ခြေ ရှိသည်။
ဘားအံ၊ မဒေါက်နှင့် ပဲခူးမြို့: သံလွင်မြစ်၊ စစ်တောင်းမြစ်နှင့် ပဲခူးမြစ်ရေများလည်း စိုးရိမ်ရေမှတ် အထက်တွင် ဆက်လက် တည်ရှိနေပြီး မဒေါက်မြို့တွင် စစ်တောင်းမြစ်ရေသည် ၅ စင်တီမီတာ၊ ပဲခူးမြို့တွင် ပဲခူးမြစ်ရေသည် လာမည့် ၁ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ထပ်မံ ရောက်ရှိမည် ဖြစ်သည်။
ဓာတ်ပုံ – လူမှုရေးအဖွဲ့အစည်း၊ ရွေးတုအစိုးရ