ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်
လက်ရှိ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် ရေအားလျှပ်စစ် ထုတ်လုပ်သည့် တမံကြီးများတွင် ရေလျှံမှုများ ဖြစ်ပေါ်နေပြီး ညအချိန်ပိုင်း၌ ဓာတ်အား လျှော့ချထုတ်လုပ်နေရသဖြင့် စက်မှုလုပ်ငန်း ကြီးများ ညဘက်သို့ ပြောင်း ရွှေ့ လုပ်ကိုင်ပါက လျှပ်စစ်ဓာတ်အားခကို ဈေးလျှော့ပေးမည်ဟု ရွေးတုအစိုးရလက်အောက်ရှိ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ယနေ့ ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်သည်။
လျှပ်စစ်ဓာတ်အား သုံးစွဲမှုများသည့် ရန်ကုန်တိုင်းအတွင်းရှိ သတ်မှတ်ချက်များနှင့် ပြည့်စုံသော စက်မှုလုပ်ငန်းများကို နေ့စဉ် ည ၁၁ နာရီမှ နံနက် ၅ နာရီအထိ သုံးစွဲသည့် လျှပ်စစ်ဓာတ်အားခကို ၁ ယူနစ်လျှင် ၉၀၀ ကျပ်အစား ၆၀၀ ကျပ်သို့ လျှော့ချပေးမည် ဖြစ်ကြောင်း သိရသည်။

ညဉ့်နက်ပိုင်းအချိန်တွင် လျှပ်စစ်ဓာတ်အား သုံးစွဲမှု နည်းပါးသဖြင့် ဓာတ်အားပေး စက်ရုံများကို လျှော့ချ မောင်းနှင်နေရသောကြောင့် ရေအားလျှပ်စစ် တမံကြီးများတွင် ရေပိုလျှံ လျှံကျမှုများ ဖြစ်ပေါ်နေပြီး စက်မှုလုပ်ငန်းကြီးများ ညဘက်သို့ ပြောင်းရွှေ့လုပ်ကိုင်ပါက နေ့အချိန်ပိုင်းတွင် အများပြည်သူထံ လျှပ်စစ်ဓာတ်အား ပိုမို ဖြန့်ဖြူးပေးနိုင်မည်ဟုလည်း ဆိုထားသည်။
“အရင်ရက်ပိုင်းက မီးခဏပြတ်သေးတယ်။ ဒီရက်ပိုင်းတွေတော့မပြတ်ဘူး။ မီးမပြတ်တော့ လုပ်ငန်း လုပ်နိုင်တယ်။ အလူမီနီယံလုပ်ငန်းလုပ်တာ မီးအားနည်းနည်းဆွဲတယ်။ မီးမပြတ်ပေမယ့် မိုးရွာတော့ လုပ်ငန်းမတွင်ကျယ်ဘူး။ အလုပ်ပါးတယ်” ဟု ရန်ကုန်မြို့နေ သံပန်းတံခါးတပ်ဆင်သူတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။
ထို့ပြင် ရေအားလျှပ်စစ် ဓာတ်အားပေးစက်ရုံများမှ အပြည့်အဝ ထုတ်လုပ်နိုင်သော်လည်း မဟာ ဓာတ်အားလိုင်း၏ ပို့လွှတ်နိုင်စွမ်း ကန့်သတ်ချက်များကြောင့် နေ့အချိန်ပိုင်းတွင် အချိန်ပိုင်း မီးဖြတ် တောက်မှုများ ဆက်လက် ဖြစ်ပေါ်နေဆဲဖြစ်ကြောင်း ရွေးတုအစိုးရလက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
ဓာတ်ပုံ – MOI