ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

 

ရှမ်းပြည်တောင်ပိုင်း၊ ရွာငံမြို့နယ်အတွင်း တော်လှန်ရေးတပ်ဖွဲ့မျာရးနှင့် ရွေးတုအစိုးရစစ်တပ်တို့ ထိတွေ့တိုက်ပွဲများဖြစ်ပွားနေပြီး စစ်တပ်ကအနီးဝန်းကျင်ရှိကျေးရွာများအတွင်းသို့ စစ်ကြောင်းထိုးဝင် ရောက်လျက်ရှိကြောင်း သိရသည်။

 

ရွာငံမြို့နယ်အတွင်းရှိ အလယ်ချောင်ကျေးရွာနှင့် ဘုရားကြီးကုန်းကျေးရွာတို့အကြားတွင် တိုက်ပွဲ ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး စစ်တပ်သည် ယမန်နေ့ ဩဂုတ် ၁၆ ရက်နေ့တွင် အလယ်ချောင်ကျေးရွာ၊ မြေနီကုန်းကျေးရွာတို့ရှိ ဒေသခံများကို ကျေးရွာများမှထွက်ခွာခိုင်းလျက်ရှိကြောင်း သိရသည်။

 

စစ်တပ်စစ်ကြောင်းများက ထို့သို့ကျေးရွာများအတွင်း အင်အားအမြောက်အမြား ဖြန့်ကျက်ချထားစဉ် ဒေသခံနေအိမ်များမှ မွေးမြူရေးတိရစ္တာန်များနှင့် အဖိုးတန်ပစ္စည်းကိုယူဆောင်နေကြောင်းလည်း အမှတ်-၁၀၀၃ တပ်ရင်းက ထုတ်ပြန်ထားသည်။

 

ဒေသခံများအနေဖြင့် စစ်တပ်၏ ခြိမ်းခြောက်များမှုကြောင့် မိမိတို့နေအိမ်များမှ စစ်ဘေးတိမ်း ရှောင်ပါက မှတ်ပုံတင်၊ အရေးကြီးစာရွက်စာတမ်းများ၊ တန်ဖိုးကြီး ရွှေ၊ ငွေ၊ လက်ဝတ်ရတနာများကို တပါတည်း ယူဆောင်သွားကြရန်လည်း အမှတ်-၁၀၀၃ တပ်ရင်းက အကြံပြုပြောဆိုထားသည်။

 

လက်ရှိတွင် စစ်ကြောင်းထိုးနေသည့်ရွေးတုအစိုးရစစ်တပ်နှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ရှမ်းတောင်-ကယား (ကရင်နီ) တိုင်းစစ်ဌာနအောက်ရှိ ဓနုဒေသအခြေစိုက် ပြည်သူ့ကာကွယ်ရေးတပ်မတော် အမှတ် (၁၀၀၃) တပ်ရင်းတို့ ထိတွေ့မှုများဖြစ်ပွားနေခြင်းဖြစ်သည်။

 

ထို့ပြင် စစ်တပ်၏ မတရားဖမ်းဆီး နှိပ်စက်မှုများမှ ကင်းဝေးစေရန်အတွက် ပြည်သူများအနေဖြင့် သတိထား၍ သွားလာနေထိုင်ကြရန်နှင့် အလွန်အမင်း မစိုးရိမ်ရန်လည်း အမှတ်-၁၀၀၃ တပ်ရင်းက သတိပေးထုတ်ပြန်ထားသည်။

 

ဓာတ်ပုံ – လူမှုကွန်ရက်