ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်

 

ဘင်္ဂလားပင်လယ်အော်တွင် မုတ်သုံလေအားကောင်းနေမှုနှင့်အတူ အိန္ဒိယနိုင်ငံ၊ အနောက်ဘင်္ဂလား ပြည်နယ် – ဩရိဿပြည်နယ်မြောက်ပိုင်းကမ်းခြေ၌ ဖြစ်ပေါ်နေသည့် မုန်တိုင်းငယ်ကြောင့် လက်ရှိရေကြီး ရေလျှံနေသောဒေသများအပါအဝင် နိုင်ငံတစ်ဝန်းတွင် ယနေ့ ဩဂုတ် ၁၇ မှ ၂၁ ရက်အထိ မိုးကြီးနေမည်ဖြစ်ကြောင်း မိုးလေဝသနှင့် ဇလဗေဒညွန်ကြားမှုဦးစီးဌာန(မိုး/ဇလ) က ထုတ်ပြန်ထားသည်။

 

သို့သော် အဆိုပါမုန်တိုင်းငယ်သည် မြန်မာနိုင်ငံသို့ဦးတည်ဝင်ရောက်နိုင်မည့် အခြေအနေ မရှိသော ကြောင့် မုန်တိုင်းသတင်းပေးချက်( အဝါရောင်) အဆင့်သတ်မှတ်ထားသည်။

လက်ရှိတွင် မြစ်ရေကြီး၍ ရေလျှံမှုများဖြစ်ပွားနေသော ဧရာဝတီတိုင်းအပါအဝင် စစ်ကိုင်းတိုင်း အထက်ပိုင်း၊ ရန်ကုန်တိုင်း၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်း၊ ကရင်နီ (ကယား)၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်နှင့် နေပြည်တော်တို့တွင် နေရာကွက်၍ မိုးကြီးနိုင်သည်။

 

ထို့ပြင် မိုးတိမ်တောင်အားကောင်းမှုကြောင့် မိုးသည်းထန်စွာရွာသွန်းခြင်းနှင့်အတူ လေပြင်းတိုက် ခတ်ခြင်း၊ ရုတ်တရက်ရေကြီးခြင်း၊ မြေပြိုခြင်းတို့ပေါ်နိုင်သဖြင့် ကုန်းမြင့်ဒေသနေထိုင်သူများ အပါအဝင် မြစ်ငယ်ချောင်းငယ်အနီးနေထိုင်သူများသတိထားရန်လိုအပ်ကြောင်း မိုး/ဇလက အသိ ပေးထားသည်။

 

ယင်းပြင် မုန်တိုင်းငယ်အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်ဒေသ၊ ရခိုင်ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါမိုးသက်လေးပြင်းများကျရောက်နိုင်ပြီး လှိုင်းကြီးမည်ဖြစ်ကာ လှိုင်းအမြင့် မှာ ၉ ပေမှ ၁၁ ပေအထိရှိနိုင်ကြောင်း သိရသည်။

ဓာတ်ပုံ – မိုး/ ဇလ