ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်
၂၀၂၅ အတုအယောင်ရွေးကောက်ပွဲမှ ထွက်ပေါ်လာသည့် ရွေးတုသမ္မ ဦးမင်းအောင်လှိုင် ထိုင်းနိုင်ငံသို့ လာရောက်မှုအတွင်း ဆန္ဒပြခဲ့သည့် ထိုင်းအမတ် Mr. Anusorn Tamajai အပါအဝင် နိုင်ငံတကာအဖွဲ့နှင့် ပြည် ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) တို့ တွေ့ဆုံ၍ စစ်ဘေးရှောင်၊ ရွှေ့ပြောင်း အလုပ်သမားများကိစ္စ စသည်များ ပံ့ပိုးကူညီပေးရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ အောက်လွှတ်တော်၌ ဩဂုတ် ၁၄ ရက်တွင် ပြုလုပ်သော ထိုတွေ့ဆုံမှုကို CRPH ဘက်မှ အတွင်းရေးမှူးအဖွဲ့ဝင် ဒေါ်ဖြူဖြူသင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ တက်ရောက်၍ မြန်မာ့အရေးအခြေအနေနှင့် အနာဂတ်တွင် ပူးပေါင်းနိုင်မည့် ကိစ္စရပ်တို့အပေါ် ဆွေးနွေးခဲ့ကြောင်း CRPH က ထုတ်ပြန်ထားသည်။

အဆိုပါ တွေ့ဆုံမှုတွင် CRPH ကိုယ်စားလှယ်အဖွဲ့သည် မြန်မာပြည်တွင်းနှင့် နယ်စပ်ဒေသများရှိ နေ့ရပ် စွန့်ခွာနေရ ပြည်သူများ၊ ကိုယ်လက်အင်္ဂါ စွန့်လွှတ်ခဲ့ရသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ၊ ရွှေ့ပြောင်းအလုပ်သမားများနှင့် ၎င်းတို့သားသမီးများ ပညာဆက်လက် သင်ကြားနိုင်ရေးတို့အတွက် ပံ့ပိုးကူညီမှုရရှိရေး ဆွေးနွေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ထိုင်းနိုင်ငံ၊ ပြည်သူ့ပါတီ လွှတ်တော်အမတ် Mr. Anusorn Tamajai ၏ ထုတ်ဖော် ပြောကြားမှုများနှင့် ရပ်တည်ချက်များအတွက် ကိုယ်စားလှယ်အဖွဲ့မှ ကျေးဇူးတင်စကားပြောပြီး CRPH ၏ ကျေးဇူးတင်ကြောင်း စာကိုလည်း ပေးအပ်ခဲ့ကြောင်း ထုတ်ပြန်ဖော်ပြထားချက်အရ သိရသည်။

မကြာသေးမီ၌ ရွေးတုသမ္မတ သွားရောက်ပြီးနောက် ဖြစ်ပေါ်တွေ့လာသော CRPH ၏ ခရီးစဉ်အတွင်း ထိုင်းအမတ်များဖြစ်ကြသည့် Mr. Anusorn Tamajai၊ Mr. Chonlathan “Ice” Supphaiboonlerd နှင့် Mr. Krokiat Korsoongsak တို့အပြင် အကူအညီပေးရေးဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းတို့နှင့်လည်း တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
ထိုင်းအမတ် Mr.Anusorn Tamajai သည် ပြီးခဲ့သည့် ဩဂုတ် ၇ ရက်က ၎င်းတို့အစိုးရ ဖိတ်ကြား ချက်အရ ရောက်ရှိလာသည့် ရွေးတုသမ္မတ ဦးမင်းအောင်လှိုင် ကိုလက်မခံသည့်အနေဖြင့် ဘန်ကောက် မြို့ ထိုင်းလွှတ်တော်အတွင်းရှိ လူအများရှေ့တွင် “ငြိမ်းချမ်းရေးနှင့် လူသားချင်းစာနာမှုအတွက်” အတွက်ဟုဆိုကာ အော်ဟစ်ဆန္ဒပြခဲ့သည်။
ဓာတ်ပုံ- CRPH