ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၇ ရက်
မကွေးတိုင်း၊ ငဖဲမြို့နယ်တွင် ရွေးတုစစ်တပ်၏ ခြုံခိုတိုက်ခိုက်မှုကြောင့် ချင်းကာကွယ်ရေးတပ်-အရှို (CDF-Asho)၏ တပ်ဦးချုပ် အပါအဝင် ရဲဘော် သုံး ဦး ကျဆုံးသွားကြောင်း သက်ဆိုင်ရာတပ်ဖွဲ့က ယနေ့ ဩဂုတ် ၁၇ ရက်တွင် ထုတ်ပြန်သည်။
ကျဆုံးသွားသူများမှာ CDF-Asho မှ တပ်ဦးချုပ် ဆလိုင်းရိုချင်း၊ ဒုတပ်ကြပ် ဆလိုင်းဖြိုးသီဟဇော်နှင့် ရဲဘော် အောင်လင်းဇော်တို့ဖြစ်ကြပြီး ၎င်းတို့သည် ပြီးခဲ့သည့် ဩဂုတ်လ ၁၄ ရက်နေ့ နေ့လည်ပိုင်းက ငဖဲမြို့နယ်၊ ဆုံကုန်းကျေးရွာနှင့် သာယာကုန်းကျေးရွာအကြား တော်လှန် ရေး တာဝန် ထမ်းဆောင်ရန် သွား ရောက်စဥ် ဆုံကုန်းအထိုင်ချ စစ်တပ် ၏ ကြားဖြတ် ခြုံခိုတိုက်ခိုက်ခြင်းကို ခံခဲ့ရခြင်းဖြစ်သည်ဟု သိရသည်။
“တာဝန်နဲ့ သွားရင်းနဲ့ လမ်းမှာ ခြုံခိုတိုက်ခိုက်ခံရတဲ့ အနေအထားပါ။ အဲဒီနေရာကိုသွားတာ လေး ယောက်လောက်ပဲ သွားတာပါ။ ဟိုဘက်က သတင်းရလို့ ထင်ပါတယ်”ဟု CDF-Asho ပြောရေးဆို ခွင့်ရှိသူက ဧရာဝတီတိုင်းမ်ပြောသည်။

အဆိုပါ ပစ်ခတ်မှုအတွင်း ရဲဘော် သုံး ဦး ကျဆုံးခဲ့ပြီး တစ်ဦးမှာ လွတ် မြောက်လာခဲ့သော်လည်း ပါသွားသည့် လက်နက်အချို့ ဆုံးရှုံးခဲ့ကြောင်း သိရသည်။
ယနေ့ ဩဂုတ်လ ၁၇ ရက်စွဲဖြင့် ထုတ်ပြန်လာသည့် ချင်းကာကွယ်ရေးတပ်-အရှို ၏ အမိန့်ပြန်တမ်းတွင် တပ်ဦးချုပ် ဆလိုင်းရိုချင်း ကျဆုံးရခြင်းသည် CDF- Asho တပ်ဖွဲ့နှင့် အရှိုချင်းလူမျိုးများ အားလုံး အတွက် အစားထိုးမရသော ဆုံးရှုံးမှုကြီးဖြစ်ကြောင်း ဖော်ပြထားသည်။
ထို့ပြင် ယုံကြည်စွာ အပ်နှင်းခံရသော တပ်ဦးချုပ်တာဝန်နှင့် တော်လှန် ရေးတာဝန်များကို အသက်၊ ခန္ဓာစွန့်၍ ထမ်းဆောင်ခဲ့မှုအပေါ် များစွာဂုဏ်ယူပါကြောင်းနှင့် မပြီးပြတ်သေးသော တော်လှန်ရေး တာဝန်များကို ကျန်ရစ်သူရဲဘော်များက ၎င်း၏ ဝိညာဉ်ရှေ့မှောက်တွင် ကတိသစ္စာပြုကာ ဆက်လက် ထမ်းဆောင်သွားမည်ဖြစ်ကြောင်း ထုတ်ပြန်ကြေညာထားသည်။
ကျဆုံးသွားသည့် တပ်ဦးချုပ် အပါအဝင် ရဲဘော် သုံး ဦး၏ ရုပ်အလောင်းများကို ပစ်ခတ်မှုဖြစ်ပွားခဲ့သည့် ဩဂုတ် ၁၄ ရက် ညနေပိုင်းတွင်ပင် ပြန်လည်ကောက် ယူနိုင်ခဲ့ပြီး ဩဂုတ်လ ၁၅ ရက်နေ့တွင် နာရေး (စျာပန) အခမ်းအနား ပြုလုပ်ခဲ့သည်။
တပ်ဦးချုပ် အပါအဝင် ရဲဘော်များ ကျဆုံးခဲ့ရသည့်အတွက် တပ်ဖွဲ့အတွင်း ထိခိုက်နစ်နာ ဆုံးရှုံးမှုများပြားခဲ့သော်လည်း ကျန်ရှိနေသည့် ရဲဘော်များဖြင့် တော်လှန်ရေးတာဝန်များကို ဆက်လက်ထမ်းဆောင်ကာ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်သည်အထိ ဆက် လက်တိုက်ပွဲဝင်သွားမည်ဖြစ်ကြောင်း CDF-Asho တပ်ဖွဲ့က ဆိုသည်။
ပုံစာ – ကျဆုံးသွားသည့် CDF-Asho တပ်ဦးချုပ် ဆလိုင်းရိုချင်း စျာပနမြင်ကွင်း။