ဧရာဝတီတိုင်းမ်
ဩဂုတ်လ ၁၆ ရက်

မြောက်ကိုရီးယားနဲ့ ရုရှားတို့ကြား စစ်ရေးအရ ပူးပေါင်းဆောင်ရွက်မှုတွေ ပိုမိုအားကောင်းလာချိန် မှာ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်က ရုရှားသမ္မတ ဗလာဒီယာပူတင်ထံ သဝဏ်လွှာ ပေးပို့ပြီး နှစ်နိုင်ငံကြား ခိုင်မာတဲ့ ဆက်ဆံရေးအတွက် ဂုဏ်ယူမိကြောင်း ပြောကြားလိုက်ပါတယ်။

၂၀၂၂ ခုနှစ် ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ် စတင်ခဲ့ပြီးနောက်ပိုင်း မြောက်ကိုရီးယားဟာ ရုရှားရဲ့ အဓိကမဟာမိတ် ဖြစ်လာခဲ့ပြီး စီးပွားရေးအကူအညီနဲ့ စစ်ဘက်ဆိုင်ရာ နည်းပညာတွေ ပြန်ရဖို့အတွက် စစ်ပွဲမှာကူတိုက်ဖို့ တပ်ဖွဲ့ဝင်တွေ စေလွှတ်ပေးခဲ့တယ်လို့ လေ့လာသူတွေက ဆိုပါတယ်။

ဘုံရည်မှန်းချက်တွေနဲ့ လျှောက်လှမ်းခဲ့တဲ့ သမိုင်း ကြောင်းရှိတာကြောင့် ပူတင်နဲ့အတူ နှစ်နိုင်ငံ ဆက်ဆံရေးကို ပိုမိုကောင်းမွန်တဲ့ အနာဂတ်ဆီ ဦးဆောင်သွားနိုင်မှာကို အမြဲတမ်း ဂုဏ်ယူမိကြောင်း ကင် ဂျုံအန်က သဝဏ်လွှာမှာ ထည့်သွင်းပြောပါတယ်။

ပူတင်ရဲ့ ပါးနပ်တဲ့ ဦးဆောင်မှုအောက်မှာ ရုရှားနိုင်ငံဟာ ပိုမိုဖွံ့ဖြိုးတိုးတက်လာပြီး နယ်မြေစိုးမိုးမှု ကို အပြည့်အဝ ကာကွယ်နိုင်မယ်လို့ ခိုင်ခိုင်မာမာ ယုံကြည်ကြောင်း ၎င်းက ဆက်ပြောပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး ဂျပန်ကိုလိုနီလက်အောက်မှ ကိုရီးယားလွတ်မြောက်ရေးနေ့ အထိမ်းအ မှတ်အဖြစ် ဩဂုတ် ၁၄ ရက်နေ့က ပူတင်ပေးပို့တဲ့ သဝဏ်လွှာမှာ နှစ်နိုင်ငံဆက်ဆံရေးဟာ မကြုံစဖူး မ ဟာဗျူဟာမြောက် မဟာမိတ်အဆင့်ကို ရောက်ရှိနေပြီလို့ ဖော်ပြထားပါတယ်။

ဒေသတွင်း လုံခြုံရေးနဲ့ တည်ငြိမ်ရေးအတွက် နှစ်နိုင်ငံစလုံးက ကဏ္ဍပေါင်းစုံမှာ ပူးပေါင်းဆောင် ရွက်နေကြတယ်လို့ ပူတင်က ဆိုပါတယ်။

အခုလို သဝဏ်လွှာ အပြန်အလှန်ပေးပို့မှုဟာ လူ ၉ ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရသူ အများ အပြားရှိခဲ့တဲ့ တိုက်ခိုက်မှုမှာ ရုရှားက မြောက်ကိုရီးယားထုတ် ဒုံးကျည်တွေကို သုံးခဲ့တယ်လို့ ယူကရိန်းက စွပ်စွဲပြီးနောက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

မြောက်ကိုရီးယားစစ်သား ၅၀,၀၀၀ အထိ ရုရှားသို့ စေလွှတ်တော့မယ်လို့ ယူကရိန်းက စွပ်စွဲထား သလို သမ္မတ ဇီလန်စကီးက ရုရှားဒုံးကျည်တွေကို ကာကွယ်နိုင်ရေး လေကြောင်းရန် ကာကွယ်ရေးစနစ် တွေ ကူညီပေးဖို့ တောင်ကိုရီးယားထံ တောင်းဆိုထားပါတယ်။

ကိုးကား – AFP

Ref; North Korea’s Kim tells Putin he is ‘proud’ of strong ties: State media