ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ရက်
မန္တလေး၊ ဂေါ်ဝိန်ဆိပ်ကမ်းမှ ဧရာဝတီမြစ်အတိုင်း ဆန်တက်လာသည့် စစ်တပ်၏ စစ်ရေယာဉ်အုပ်စုမှ တပ်ဖွဲ့ဝင်များသည် မတ္တရာမြို့နယ်အတွင်းရှိ ကျေးရွာများသို့ ဝင်ရောက်ကာ ပြည်သူပိုင်နေအိမ်များကို မီးရှို့ဖျက်ဆီးလျက်ရှိကြောင်း ဝက်လက်မြို့နယ် ပကဖ က သတင်းထုတ်ပြန်ထားသည်။
မန္တလေး ဂေါ်ဝိန်ဆိပ်ကမ်းမှ တိုက်ခိုက်ရေးသင်္ဘော တစ်စီး၊ ကမ်းထိုးသင်္ဘော တစ်စီးနှင့် ဖလပ်သံခွန် တစ်စီး၊ စုစုပေါင်း စစ်ရေယာဉ် ၃ စီးသည် ပြီးခဲ့သည့် သြဂုတ် ၁၄ ရက်နေ့က ဆန်တက်လာရာ မတ္တရာမြို့နယ်၊ သုံးဆယ်ပေးရွာအနီးသို့ ရောက်ရှိခဲ့ပြီး ဆက်လက်ဆန်တက်လျက်ရှိကြောင်း သိရသည်။
ထို့နောက် ယမန်နေ့ ဩဂုတ် ၁၅ ရက် နံနက်ပိုင်းတွင် အဆိုပါ ရေယာဉ်အုပ်စုသည် မတ္တရာမြို့နယ် အနောက် တောင်ခြမ်းရှိ ကုန်းတန်းကြီးကျေးရွာ၌ ညအိပ်ခဲ့ပြီး အထက်သို့ ဆက်လက်ဆန်တက်လာခဲ့သည်။
”ဖလပ်က စစ်သားတွေ စက်လှေငယ်တွေနဲ့ကူးလာပြီး အေးကျွန်းရွာကို မနေ့က ပစ်ခတ်ဝင်ရောက်တယ်။ မီးတွေပါရှို့တယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ထို့နောက်ထို့နောက် သဖန်းဒေါင့်ရွာနှင့် ဒေါင်းကျွန်းရွာတို့သို့ ထပ်မံဝင်ရောက် ဆန်တက်လာပြီးနောက် အေးကျွန်းကျေးရွာသို့ ပစ်ခတ်ဝင်ရောက်ကာ ပြည်သူပိုင် နေအိမ်များကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
လက်ရှိတွင် အဆိုပါ စစ်ရေယာဉ်များသည် ရှင်လှအလယ်ရွာအနီးနှင့် သဖန်းဒေါင့်ရွာ၊ ကုန်းတန်းကြီးရွာ ကမ်းပါးများတွင် ရေယာဉ်တစ်စီးစီ ကမ်းကပ်ထားကြောင်း သိရသည်။
စစ်ကောင်စီတပ်များ၏ စစ်ရေယာဉ်အုပ်စု ဆန်တက်ချိန်နှင့် အတက်/အဆင်း ပြုလုပ်ချိန်များတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်နိုင်သည့်အတွက် မြစ်ကမ်းဘေးနှင့် ကျွန်းပေါ်တွင် နေထိုင်ကြသော ပြည်သူများအနေဖြင့် လက်နက်ကြီးနှင့် လေကြောင်းအန္တရာယ်ကို အထူးသတိပြု နေထိုင်ကြပါရန် ဝက်လက်မြို့နယ် ပကဖ က သတိပေး နှိုးဆော်ထားသည်။
ဓာတ်ပုံ- ဝက်လက်မြို့နယ် ပကဖ