ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခများ တိုးမြှင့်မည်ဟု ကြေ ညာခဲ့ပြီးနောက် နှစ်ရက်အကြာတွင် အဆိုပါ ယာဉ်စီးခ တိုးမြှင့်မှုကို ပြန်လည်ပယ်ဖျက်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ပုဂ္ဂလိက သယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC) က ယနေ့ ဩဂုတ် ၁၆ ရက်တွင် ထုတ်ပြန်သည်။
YRTC အနေဖြင့် ရန်ကုန်မြို့တွင်းပတ် ယာဉ်လိုင်း ၅၆၊ ၅၇၊ ၅၈ လိုင်းများ၏ ယာဉ်စီးခကို ၂၀၀ ကျပ်မှ ၃၀၀ ကျပ်သို့ လည်းကောင်း၊ အခြား YBS ပုံသေယာဉ်စီးခများကို ၄၀၀ ကျပ်မှ ၆၀၀ ကျပ်သို့ လည်းကောင်း တိုးမြှင့်မည်ဟု ဩဂုတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်ခဲ့ပြီးနောက် ယခုကဲ့သို့ ပြန်လည်ရုတ်သိမ်းလိုက်ခြင်း ဖြစ် သည်။

အဆိုပါ YBS ယာဉ်စီးခများ တိုးမြှင့်မှုအပေါ် ရန်ကုန်မြို့ပြ လူထုအပါအဝင် မူဝါဒဆိုင်ရာ ပညာရှင်များက တိုင်းပြည်အာဏာကို မတရားရယူထားသည့် အစိုးရတစ်ရပ်အနေဖြင့် ပြည်သူများ ပိုမိုကျပ်တည်းစေမည့် စရိတ်စကများ တိုးမြှင့်ကောက်ခံခြင်း မပြုလုပ်သင့်ကြောင်း ဝေဖန်ထောက်ပြထားသည်။
“အများပြည်သူ ပို့ဆောင်ရေးလုပ်ငန်းတွေမှာ ငွေကြေးအကျပ်အတည်း ဖြစ်နေတယ်ဆိုရင် ဖက်စပ်ကုမ္ပဏီတွေနဲ့ ပတ်သက်ပြီး လေ့လာရမယ်၊ ပြန်အကဲဖြတ်ရမယ်။ အစိုးရတစ်ရပ်လို့ ခံယူထားတယ်ဆိုရင် လိုအပ်တဲ့ ပံ့ပိုးပေးမှုတွေ လုပ်ပေးရမယ်။ အဲဒီဝန်ကို ပြည်သူတွေဆီ တာဝန်ထမ်းခိုင်းတာမျိုး မလုပ်သင့်ဘူး” ဟု ပြည်သူ့ရေးရာ မူဝါဒပညာရှင်တစ်ဦးက ဧရာဝတီတိုင်းမ်ကိုပြောသည်။
ရွေးတုအစိုရသည် နိုင်ငံခြားငွေ ထိန်းချုပ်ထားသဖြင့် မော်တော်ယာဉ်နှင့် ဆက်စပ်ပစ္စည်းများ တင်သွင်းခွင့် မရခြင်း၊ မော်တော်ယာဉ် မူဝါဒများဖြင့် ပိတ်ဆို့ထားခြင်းတို့ကြောင့် လက်ရှိတွင် YBS ဘတ်စ်ကား အများအပြား ပျက်စီးနေပြီး ပြုပြင်ရာတွင်လည်း အပိုပစ္စည်း ရှားပါးမှု၊ ဈေးနှုန်းမြင့်တက်မှုတို့နှင့် ရင်ဆိုင်နေရကြောင်း ယာဉ်ပိုင်ရှင်တစ်ဦးက ဆိုသည်။
ရွေးတုအစိုးရလက်အောက်ခံ YUPT (ရန်ကုန်မြို့ပြ အများပြည်သူ သယ်ယူပို့ဆောင်ရေး) ကုမ္ပဏီတွင် ယာဉ်လိုင်းပေါင်း ၂၀ ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီးအတွင်း YRTC ၏ ကြီးကြပ်မှုအောက်၌ YBS ယာဉ်လိုင်း ၁၁၆ လိုင်း ရှိကြောင်း သိရသည်။
လက်ရှိတွင် YBS အများပိုင်ကုမ္ပဏီ ၂၁ ခုမှ ယာဉ်အစီးရေ ၅၃၀၀ ကျော် ရှိသော်လည်း ပျက်စီး၍ ပြုပြင်နေရမှုနှင့် အခြားအကြောင်းအမျိုးမျိုးကြောင့် ယာဉ်အစီးရေ ၃၃၀၀ ခန့်သာ ပြေးဆွဲပေးနိုင်တော့ကြောင်း YRTC ၏ အချက်အလက်များအရ သိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်