ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ရက်
ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ်တွင် ယနေ့ ဩဂုတ် ၁၆ ရက် နံနက်ပိုင်းက ရွေးတုအစိုးရစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သားပြည်သူနှစ်ဦး သေဆုံးကာ ခြောက်ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
သံတွဲမြို့၊ အမှတ် (၈/က) ရပ်ကွက်၊ ၂ လမ်းနေရာကို ယနေ့ ဩဂုတ် ၁၆ရက်၊ နံနက် ၆ နာရီ ၂၀ မိနစ်ခန့်တွင် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ တိုက်ခိုက်မှုကြောင့် ဦးမင်းနောင် (၅၀) နှစ်နှင့် ၎င်း၏သမီးဖြစ်သူ မချွန်းလဲ့ရွှေရည် (၁၄) နှစ်တို့ သားအဖနှစ်ဦးမှာ အခင်းဖြစ်ပွားနေရာတွင်ပင် သေဆုံးခဲ့ကြောင်း သိရသည်။

ထို့အပြင် တိုက်ခိုက်မှုအတွင်း ဦးဇေယျာမင်းလွင် ၄၅ နှစ်၊ မရွှေမိုးယဲသော် ၂ နှစ် နှင့် ဒေါ်ဌေးဌေးမော် ၄၀ နှစ် တို့ သုံးဦးမှာလည်း ထိခိုက်ဒဏ်ရာများ ရရှိခဲ့ကြောင်း ဒေသတွင်းသတင်းများမှ သိရသည်။
”မနက်အစောကြီးဗျာ။ ယုတ်မာတာ နေ့တိုင်းပဲ။ ဗုံးကြဲပြီးတဲ့အပြင် လေယာဉ်တွေ ထပ်ဝဲနေသေးတာ” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
ရွေးတုအစိုးရ စစ်တပ်သည် သံတွဲမြို့နှင့် မောင်ရွှေလေးရေတပ်စခန်းပတ်ဝန်း ကျင်ကို ယနေ့ နံနက် ၇ နာရီခန့်အချိန်တွင်လည်း လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ပေါင် ၅၀၀ဗုံးများ ကျရောက်ပေါက်ကွဲ ခဲ့ကြောင်း သိရသည်။

မောင်ရွှေလေးရေတပ်အနီး ကျရောက်ပေါက်ကွဲသည့် ပေါင် ၅၀၀ ဗုံးများကြောင့်လည်း နောက်ထပ် ဒေသခံ သုံး ဦး ထိခိုက်ဒဏ်ရာရရှိကြောင်လည်း AA က ထုတ်ပြန်ထားသည်။
သံတွဲမြို့နှင့် အနီးအနားဝန်းကျင်ဒေသများတွင် လတ်တလောကာလအတွင်း စစ်တပ်၏ လေကြောင်း တိုက် ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားနေကာ အရပ်သားပြည်သူများ ထိခိုက်သေဆုံးမှုများ လည်း ဖြစ်ပေါ်လျက်ရှိကြောင်း သိရသည်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- ယနေ့ ဩဂုတ် (၁၆) ရက်၊ နံနက်ပိုင်းတွင် စစ်တပ်မှ သံတွဲမြိုကို ဗုံးကြဲတိုက်ခိုက်မှုကြောင့် နေအိမ်များပျက်စီးမှုကိုတွေ့ရစဉ်။