ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ရက်
ဧရာဝတီတိုင်း၊ ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ် အစပ်နေရာများတွင် ရွေးတုအစိုးရစစ်တပ်နှင့် အာရက္ခတပ်တော် (AA) တို့အကြား တိုက်ပွဲများ ဆက်လက်ပြင်းထန်လျက်ရှိကြောင်း သိရသည်။
ဩဂုတ် ၁၂ ရက် ညပိုင်းတွင် ဘိုးတော်ချောင်းဖျားဘက်ရှိ သုံးတန်ကူနှင့် ချက်ပွိုင့်အနီး ထိတွေ့တိုက်ပွဲ တွင် စစ်တပ်ဘက်မှ ငါးဦး သေဆုံးခဲ့ပြီး အလောင်းပင် ကောက်ယူနိုင်ခြင်းမရှိဘဲ ပြန်လည်ဆုတ်ခွာ သွားကြောင်း သတင်းရင်းမြစ်များထံမှ သိရသည်။
”တော်လှန်ရေးဘက်က အင်အားသာလွန်နေလို့ စစ်တပ်ဘက်က သေဆုံးနေတာလားဆိုတော့ အင်အား သာလွန်တာမရှိဘူး။ အသံကြားတာနဲ့ ကျပြီမို့ ပြန်ဆုတ်နေရတာလို့ သိရတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါနေ့ ညနေပိုင်းတွင် သာပေါင်းနှင့် ချောင်းသာလမ်းဆုံ၌ စစ်ရောင်ဒဗယ်ကပ် ယာဉ်တစ်စီး သာပေါင်း ဘက်မှ ပြန်ဆင်းလာပြီး လုံခြုံရေးတပ်ဖွဲ့ဝင်အချို့ ယာဉ်ပေါ်တွင် လိုက်ပါလာကာလူနာအချို့ ပါရှိကြောင်း သိရသည်။ အဆိုပါ ယာဉ်မှာ သဲဖြူ၊ ဝါးယား ဘက်မှ ဆင်းလာခြင်းဖြစ်သည်။
ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက်နေ့တွင် ရေကြည်မြို့နယ်၊ ပုသိမ်-မုံရွာ လမ်းပိုင်းရှိ ပွိုင့် ၁၀၁ အနီးဝန်းကျင်နှင့် သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ အနီးအနားရှိ အာရက္ခတပ်တော် စစ်ကြောင်းများရှိရာ သို့ စစ်တပ်ဘက်မှ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်လာခဲ့ရာမှ နေရာ ငါးနေရာထက်မနည်း တိုက်ပွဲများ တောက်လျှောက် ဖြစ်ပွားခဲ့ေကြာင်း AAကထုတ်ပြန်ထားသည်။
သာပေါင်းမြို့နယ်ဘက်မှ ထိုးစစ်ဆင်လာသည့် စစ်တပ်၏ တပ်မ (၆၆) လက်အောက်ခံ ခလရ-၁၀၁ တပ်ရင်းနှင့် AA တို့ သာပေါင်းကလေးကျေးရွာအနီးတွင် ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီး ပစ်ကူများကိုပါ စစ်တပ်ဘက်မှ အသုံးပြုခဲ့ကြောင်း သိရသည်။
လက်ရှိတွင် ရခိုင်-ဧရာဝတီ အစပ်ဒေသများ၌ တိုက်ပွဲများ ပိုမိုပြင်းထန်လာနေပြီး ရွေးတုအစိုးရ စစ်တပ်ဘက်မှ စစ်ကြောင်းထိုး လှုပ်ရှားမှုများ ဆက်လက်ရှိနေသည်ဟု ဆိုသည်။
ပုံစာ-ရွေးတုအစိုးရ စစ်တပ်ယာဥ်တန်း(ပုံဟောင်း)