ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

 

ရွေးတုသမ္မတ မင်းအောင်လှိုင်ရဲ့ ထိုင်းခရီးစဉ်အပြီးမှာ မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေ လျှော့ချရေး၊ နိုင်ငံရေးအကျဉ်းသားတွေ ထပ်မံလွှတ်ပေးရေးနဲ့ လူသားချင်းစာနာဆိုင်ရာ အကူအညီတွေ ပိုမိုပေးအပ်နိုင်ရေးတို့ကို မြင်တွေ့လိုတယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီး ဆီဟာဆတ်က ပြောကြား လိုက်ပါတယ်။

 

ဒီလိုဆောင်ရွက်ချက်တွေဟာ အာဆီယံအနေနဲ့ မြန်မာနိုင်ငံနဲ့ ပြန်လည်ထိတွေ့ဆက်ဆံမှုကို ချိန် ညှိရာမှာ တိုးတက်မှုအဖြစ် တိုင်းတာပြသနိုင်မယ့် အချက်တွေဖြစ်တယ်လို့လည်း သူက ဆိုပါတယ်။

 

ပြီးခဲ့တဲ့သတင်းပတ်က ထိုင်းနိုင်ငံကို လာရောက်ခဲ့တဲ့ မင်းအောင်လှိုင်နဲ့ တွေ့ဆုံစဉ်မှာ ဒီအကြောင်း အရာတွေကို ထည့်သွင်းဆွေးနွေးခဲ့တာပါ။ ဒီတောင်းဆိုချက်တွေကို လိုက်လျောမလား၊ ဘယ်အချိန်မှာ လိုက်လျောမလဲဆိုတာနဲ့ ပတ်သက်လို့ မင်းအောင်လှိုင်က တစ်စုံတစ်ရာ ကတိကဝတ်ပြုတာမျိုး မရှိသေးဘူးလို့ ဆီဟာဆတ်က ဝန်ခံပါတယ်။

“ဒါဟာ တရားဝင်မှု ပေးတာမျိုး မဟုတ်ပါဘူး။ ငြိမ်းချမ်းရေး ပြန်လည်ရရှိဖို့၊ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ကို မြှင့်တင်ဖို့နဲ့ မြန်မာအစိုးရအနေနဲ့ တွေ့ဆုံဆွေးနွေးမှုတွေ ဆက်လုပ်ပြီး အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် ပိုမိုဆောင်ရွက်လာအောင် ထိတွေ့ဆက်ဆံမှုကနေတစ်ဆင့် တိုက်တွန်းဖို့ပါ” လို PBS World နဲ့ အင်တာဗျူးမှာ သူက ရှင်းပြခဲ့ပါတယ်။

 

မြန်မာနိုင်ငံဟာ သီးခြားခွဲထွက်နေပါက အင်အားကြီးနိုင်ငံတွေရဲ့ အပြိုင်အဆိုင် အားပြိုင်ကွင်း ဖြစ်လာမှာကိုလည်း အာဆီယံနိုင်ငံတွေကြား စိုးရိမ်မကင်း ဖြစ်နေကြတယ်လို့ ၎င်းက ပြောပါတယ်။

 

အာဆီယံအနေနဲ့ ၂၀၂၁ ခုနှစ်က ချမှတ်ခဲ့တဲ့ တူညီဆန္ဒ ၅ ချက် မူဘောင်အတိုင်း မြန်မာနိုင်ငံရဲ့ နိုင်ငံရေး တိုးတက်မှုတွေကို ပိုမိုမြင်တွေ့ချင်ပေမဲ့ အဆိုပါမူဘောင်ကို နေပြည်တော်က ငြင်းပယ်ထားတာ ဖြစ်ပါတယ်။

 

အာဆီယံအနေနဲ့ မြန်မာနိုင်ငံအတွင်း လူသားချင်းစာနာမှု အကူအညီပေးနိုင်မယ့် နေရာတွေ ပိုမို ဖွင့်လှစ်ပေးဖို့၊ အရပ်သားတွေအပေါ် အကြမ်းဖက်မှုတွေ လျှော့ချဖို့နဲ့ သက်ဆိုင်သူအားလုံးပါဝင်တဲ့ ယုံကြည်စိတ်ချရတဲ့ တွေ့ဆုံဆွေးနွေးပွဲတွေ ဖြစ်လာဖို့ မျှော်လင့်နေပါတယ်။

 

“နိုင်ငံရေးအရ ပိုမိုကောင်းမွန်တဲ့ တိုးတက်မှုတွေ ဖြစ်လာဖို့၊ နိုင်ငံရေးအကျဉ်းသားတွေ ပိုမိုလွှတ် ပေးဖို့ မျှော်လင့်သလို အာဆီယံ အထူးသံတမန်အနေနဲ့လည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခွင့်ရလိမ့် မယ်လို့ မျှော်လင့်ပါတယ်” လို့ ဆီဟာဆတ်က ဆိုပါတယ်။

 

ထိုင်းနိုင်ငံအနေနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်းတွေ၊ နေပြည်တော်အစိုးရကို ဆန့် ကျင်တဲ့ အင်အားစုတွေနဲ့လည်း ဆက်သွယ်မှုရှိနေပြီး အဆိုပါအဖွဲ့တွေနဲ့ ရွေးတုအစိုးရကြား ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေဖြစ်လာဖို့ ကူညီပေးဖို့ အဆင်သင့်ရှိတယ်လို့ ၎င်းက ပြောပါတယ်။

 

ကိုးကား – Thai PBS
Ref; Sihasak hopes to see more “measurable progress” in Myanmar