ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်

 

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မိုးမိတ်မြို့နယ်အတွင်း တိုက်ပွဲများ စတင်ဖြစ်ပွားနေသည့်အတွက် လမ်းခရီး သွား ပြည်သူများ အသက်အန္တရာယ် စိုးရိမ်ရသဖြင့် လမ်းပိုင်းအချို့ကို ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့မှစတင်ကာ ယာယီပိတ်ပင်လိုက်ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော် (KIA) အမှတ် (၃၄) ဌာနချုပ်က သတိပေး ထုတ်ပြန်ထားသည်။

 

မိုးမိတ်မြို့နယ်၊ ညောင်နီကျေးရွာ အနီးတဝိုက်တွင် ဩဂုတ်လ ၁၁ ရက်နေ့မှစ၍ ရွေးတုအစိုးရစစ်တပ်နှင့် KIA / KPDF ပူးပေါင်းတပ်ဖွဲ့တို့အကြား တိုက်ပွဲများ ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။

ထို့ကြောင့် ဒေသခံပြည်သူများနှင့် ခရီးသွားပြည်သူများ၏ ဘေးအန္တရာယ်အတွက် မန္တလေး-မိုးမိတ် လမ်း၊ မိုးမိတ်-မြစ်ဆုံ လမ်းလမ်းပိုင်းများကို ဩဂုတ် လ ၁၅ ရက်နေ့မှစ၍ ယာယီ ပိတ်ပင် ထားမည်ဖြစ်သည်ဟု KIA က ဆိုသည်။

 

ထိုသို့လမ်းပိတ်ထားသော်လည်း အရေးကြီးကိစ္စများကြောင့် ဖြတ်သန်းသွားလာရန် လိုအပ်ပါက သက်ဆိုင်ရာ KIA အဖွဲ့အစည်းများထံ အကျိုးကြောင်း ပြည့်စုံစွာတင်ပြပြီး ခွင့်ပြုချက်ရရှိပါက သွားလာခွင့် ပြုမည်ဖြစ် ကြောင်း အသိပေးထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်ကို လိုက်နာခြင်းမရှိဘဲ ဖြတ် သန်းသွားလာပါက ဖြစ်ပေါ်လာသည့် နောက်ဆက်တွဲ ပြဿနာများနှင့် ပတ်သက်၍ KIA အဖွဲ့အစည်းအနေ ဖြင့် လုံးဝ (လုံးဝ) တာဝန်ယူမည်မဟုတ်ကြောင်းလည်း သတိပေးထားသည်။

 

ပြီးခဲ့သည့် ဩဂုတ် ၁၁ ရက် နေ့လည်ပိုင်းမှစတင်ကာ မိုးမိတ်မြို့နှင့် မိုင်အနည်း ငယ်သာ ကွာဝေးသော ညောင်နီကျေးရွာအနီးတွင် စစ် တပ်နှင့် ကချင်လွတ် လပ်ရေးတပ်မတော် (KIA)တို့အကြား တိုက်ပွဲများ ပြန်လည်ပြင်းထန်စွာ ဖြစ်ပွားနေခြင်းဖြစ်သည်။

 

ပုံစာ-၂၀၂၄ မိုးမိတ်မြို့သိမ်းစဉ်က မန္တလေး PDF တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်၊