ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၆ ရက်
ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်အတွင်း တိုက်ပွဲများ ပြင်းထန်လျက်ရှိပြီး စစ်တပ်က လေကြောင်းမှ ဗုံးကြဲတိုက် ခိုက်မှုများ ဆက်တိုက်ပြုလုပ်နေသဖြင့် မြို့ပေါ်နေထိုင်သူများ၏ လုံခြုံရေး စိုးရိမ်ဖွယ် ဖြစ်နေကြောင်း သိရသည်။
ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက် နံနက် ၄ နာရီခန့်က ရွှေကူမြို့နယ်၊ တော်လှန်ကျေးရွာရှိ တော်လှန် ဘုန်းတော်ကြီးကျောင်းကို စစ်တပ်က Y-12 လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ စစ်အုပ်စု၏ တိုက်ခိုက်မှုကြောင့် ရွာသူ ရွာသားများ စုပေါင်းလှူဒါန်း ထားသည်မှာ ၆ နှစ်မျှသာ ရှိသေးသည့် ကျောင်းတိုက်သစ်ကြီး မီးလောင်ပြာကျပျက်စီးခဲ့ကြောင်း ဒေသခံသတင်းရင်းမြစ်များထံမှ သိရသည်။
”အခုက လေယာဉ်ဗုံးကြဲတာရော၊ FPV ဒရုန်းတွေကြောင့်ရော ဒေသခံတွေ ထိခိုက်မှုတွေရှိတယ်။ မြို့တွင်းမှာ ပြည်သူတွေရှိတော့ ကချင်လွတ်လပ်ရေးတပ်မတော် (KIA) က လုပ်ရကိုင်ရခက်ခဲတာမျိုး ရှိတယ်လို့ သိရတယ်” ဟုသတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

စစ်ရေးအခြေအနေ မြင့်တက်နေသည့် ရွှေကူမြို့တွင် မြို့ပြင်ပတ်ပတ်လည်၌ တိုက်ပွဲများ ပြင်းထန် နေပြီး လေယာဉ်ဖြင့် ဗုံးကြဲမှုများလည်း ရှိနေသည်။
ယမန်နေ့ ဩဂုတ် ၁၅ ရက်နေ့တွင် ကျောက်ကြီးဘက်တွင် အခြေအနေ ပိုမိုဆိုးရွားနေပြီး ပစ်ခတ်မှု များကြောင့် ကလေး ၁ ဦးနှင့် လူကြီး ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ မြို့နယ်အတွင်း အခြေအနေမှာ ပြည်သူများ ဆက်လက်နေထိုင်ရန် မသင့်တော်သည့် အခြေအနေသို့ ရောက်ရှိနေသည်။
KIA သိမ်းယူလိုက်သည့် စစ်ရေးအရ အလွန်အရေးပါသော ရွှေဘုန်းမြင့်ကျေးရွာနေရာ ကို ပြန်လည် ရရှိရန် စစ်တပ်က လေကြောင်းမှ တိုက်ခိုက်နေသည့်အပြင် Y-8 လေယာဉ်များဖြင့် စစ်ကူတပ်များ၊ ခဲယမ်း၊ ရိက္ခာများကို ပုံမှန်လာရောက်ပို့ဆောင်နေကြောင်း သိရသည်။
ထို့ပြင် စစ်တပ်ဘက်မှ တပ်မ (၉၉) နှင့် ငါးအိုး အခြေစိုက်တပ်များ ပါဝင်သော စစ်ကြောင်းများသည် ရွှေကူမြို့တွင်းသို့ ဝင်ရောက်ရန်နှင့် ဗန်းမော်၊ စင်းခန်းဘက်သို့ စစ်ကြောင်းထိုးရန် ကြိုးပမ်းလျက် ရှိသည့်အတွက် တိုက်ပွဲများပြင်းထန်နေသည်။
လက်ရှိတွင် ဗန်းမော်၊ ရွှေကူ၊ အင်းတော်ကြီး၊ ဝိုင်းမော်၊ ခေါင်လန်ဖူးဒေသများတွင် စစ်တပ်နှင့် KIAတို့ တိုက်ပွဲများပြင်းထန်စွာ ဖြစ်ပွားနေကြောင်း သိရသည်။
ပုံစာ-စစ်တပ်က ဗုံးကြဲတိုက်ခိုက်ခဲ့သည့် ကျောင်းတိုက်သစ်ကြီးကို တွေ့ရစဉ်။