ဧရာဝတီတိုင်းမ်
(ကလေး)၊ ဩဂုတ် ၁၆ ရက်

 

စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ်တောင်ပိုင်း၊ ချောင်းခွကျေးရွာတွင် ရွေးတုအစိုးရတပ်မှ ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုကြောင့် ချင်းအမျိုးသမီးတစ်ဦး သေဆုံးပြီး သုံးဦးထက်မနည်း ဒေသခံများထံမှ သိရသည်။

 

သြဂုတ်လ ၁၄ ရက်နေ့၊ မနက် ၁၁ နာရီမှ နေ့လယ် တစ်နာရီဝန်းကျင်တွင် အရပ်သားများ နေထိုင်သည့် ချောင်းခွရွာကို ဒရုန်းဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

 

“မနက် ၁၁ နာရီလောက်မှာ တစ်ကြိမ် ဒရုန်းဗုံးသီး ကြဲချတယ်။ ဗုံးသီး မပေါက်လို့ ဒုတိယအကြိမ် ထပ်ဗုံးသီးကြဲတယ်။ အမျိုးသမီးတစ်ယောက် ပွဲချင်းပြီး ဆုံးတယ်။ အမျိုးသမီးရဲ့ အမျိုးသားအပါအဝင် သုံးယောက် ဒဏ်ရာရတယ်” ဟု ကလေးမြို့နယ်ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ ဒရုန်းဖြင့် ဗုံးကြဲ တိုက်ခိုက်မှုကြောင့် အသက် ၄၂ နှစ်အရွယ် ချင်းအမျိုးသမီးတစ်ဦးမှာ ပွဲချင်း သေဆုံးခဲ့ပြီး ၎င်း၏ အမျိုးသားဖြစ်သူမှာလည်း စိုးရိမ်ဒဏ်ရာဖြင့် ကလေးပြည်သူ့ဆေးရုံတွင် အရေးပေါ် ပို့ဆောင်ထားရကြောင်း သိရသည်။

 

ထို့အပြင် ရွေးတုအစိုးရတပ်သည် ချောင်းခွကျေးရွာအပါအဝင် နတ်ချောင်းစသည့်အနီးဝန်းကျင် ကျေးရွာများကို ယနေ့ သြဂုတ် ၁၅ ရက်နေ့ မနက်ပိုင်းတွင်း Mi-35 တိုက်ခိုက်ရေးရဟတ်ယာဉ်များဖြင့် လေကြောင်း တိုက်ခိုက်ခဲ့သည်။

 

ထိုလေကြောင်း တိုက်ခိုက်မှုကြောင့် နတ်ချောင်း၊ ဟားခါးလေး၊ ချောင်းခွစသည့် ဒေသခံများ ထောင်နှင့်ချီဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။