နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်

ဩဂုတ် ၁၅ ရက်

စစ်ခေါင်းဆောင်၏ ငြိမ်းချမ်းရေး ရက် ၁၀၀ စီမံချက် ပြက္ခဒိန် သက်တမ်းမှာ ကုန်ဆုံးသွားပြီ ဖြစ်သည်။ အဆိုပါ ရက် ၁၀၀ ငြိမ်းချမ်းရေးစားပွဲပေါ်တွင် ပြည်သူများအတွက် တိုက်ပွဲသံနှင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကိုသာ ပိုမို ရရှိခဲ့သည်။

တစ်ဖက်တွင် ငြိမ်းချမ်းရေးအတွက် တွေ့ဆုံဆွေးနွေးမှုများ ရှိလာသလို အခြားတစ်ဖက်တွင်မူ တိုက်ပွဲများ၊ နိုင်ငံရေး မယုံကြည်မှုများနှင့် မတူညီသည့် နိုင်ငံရေး ရပ်တည်ချက်များက ဆက်လက် တည်ရှိနေသည်။

ရက် ၁၀၀ ပြည့်မြောက်ချိန်တွင် မေးရမည့် အရေးကြီးဆုံး မေးခွန်းမှာ “ဘယ်နှစ်ဖွဲ့နှင့် တွေ့ဆုံခဲ့သလဲ” ဆိုသည့် မေးခွန်းမျိုး မဟုတ်ဘဲ “ရက် ၁၀၀ သည် ပြည်သူများအတွက် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်မှုကို တကယ်ပဲ ရောက်ရှိစေခဲ့သလား” ဆိုသည်ပင် ဖြစ်သည်။

🟥ရက် ၁၀၀ ၏ အစ

မြန်မာနိုင်ငံတွင် ၂၀၂၁ စစ်အာဏာသိမ်းပြီးနောက် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲမှတစ်ဆင့် အသွင်ပြောင်း ရယူထားသော စစ်ခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် ရွေးတုအစိုးရသည် တစ်ကျော့ပြန် ငြိမ်းချမ်းရေး ဖိတ်ခေါ်ခဲ့သည်။

ရွေးတုသမ္မတ မင်းအောင်လှိုင်၏ ရက် ၁၀၀ စီမံချက်မှာ တိုင်းပြည် တည်ငြိမ်နေပြီဖြစ်ကြောင်း နိုင်ငံတကာကို ပြသရန်ပင် ဖြစ်သည်။ ထို့အတွက် ၂၀၂၆ ခုနှစ်၊ ဧပြီ ၂၀ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ရက် ၁၀၀ စီမံချက်ကို ချမှတ်ခဲ့ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်သည် အဆိုပါ အစီအစဉ်၏ အရေးပါသော အစိတ်အပိုင်းတစ်ရပ် ဖြစ်လာသည်။

စကားပြောရန် တံခါးဖွင့်ပေးခြင်းသည် ငြိမ်းချမ်းရေးအတွက် အစပြုနိုင်သည့် ခြေလှမ်းတစ်ရပ် ဖြစ်သော် လည်း အပစ်အခတ် ရပ်စဲရေးဆိုင်ရာ မူဘောင်များကို အခြေခံကျကျ ပြင်နိုင်ခြင်း ရှိမရှိက မေးခွန်းတစ်ခု ဖြစ်နေခဲ့သည်။

ရွေးတုအစိုးရသည် ယင်းကာလအတွင်း ငြိမ်းချမ်းရေးနှင့် ပတ်သက်၍ ၎င်းတို့ ရွေးချယ်ထားသော တိုင်းရင်းသား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့အစည်းများ (EROs) ဆီ ဦးတည်ပြီး တစ်ဖွဲ့ချင်းနှင့် အပစ်ရပ်နိုင်မည့် ဗျူဟာကိုသာ ကျင့်သုံးခဲ့သည်။

အလားတူ ရက် ၁၀၀ စီမံချက်၏ လွှမ်းခြုံနိုင်မှုမှာလည်း အကန့်အသတ်များ ရှိနေပြီး ၎င်းတို့ ထိန်းချုပ်ထားနိုင်သည့် ဒေသများကိုသာ အဓိကထား ဗဟိုပြုထားကြောင်း တွေ့ရှိရသည်။ ကနဦး ဖိတ်ခေါ်စဉ် ကတည်းကပင် စစ်အာဏာသိမ်းမှုအပေါ် ခုခံတော်လှန်နေသော ကရင်အမျိုးသား အစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF) နှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF) အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက အတုအယောင်၊ ဟန်ပြဟုဆိုကာ လက်ခံခြင်း မရှိဘဲ ငြင်းဆိုခဲ့သည်။

အဆိုပါ တုံ့ပြန်မှုများသည် ရွေးတုအစိုးရ၏ လက်ရှိ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အပေါ် ယုံကြည်မှု လုံးဝ မရှိကြောင်းကို ပြသနေပြီး ငြိမ်းချမ်းရေး ဆွေးနွေးမှုကိုလည်း တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မည်မျှအထိ ရောက်ရှိနိုင်မည်ဆိုသည့် မေးခွန်းကို ပိုမို ထင်ရှားစေခဲ့သည်။ မြန်မာနိုင်ငံ၏ ပဋိပက္ခ အခြေအနေများသည် မြို့တစ်ခု၊ ဒေသတစ်ခု၊ အဖွဲ့အစည်း အချို့အတွင်း၌သာ ကြုံတွေ့ ဖြစ်ပွားနေခြင်းမျိုး မဟုတ်သောကြောင့် ဖြစ်သည်။

🟥စားပွဲပေါ်က လူအရေအတွက်ထက် ပိုအရေးကြီးသည့်အရာ

အဆိုပါ ရက် ၁၀၀ အတွင်း EAO အချို့နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု အာဏာသိမ်း စစ်ခေါင်းဆောင် အသွင်ပြောင်း ရွေးတုသမ္မတ မင်းအောင်လှိုင်က ထုတ်ဖော်ပြောလာပြီး စုစုပေါင်း ၁၃ ဖွဲ့ ပါဝင်ရှိခဲ့ကြောင်း ဆိုထားသည်။ ၁၃ ဖွဲ့ဆိုသည့် ကိန်းဂဏန်း တစ်ခုတည်းကို ကြည့်၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်နေပြီဟု သတ်မှတ်၍ မရနိုင်ပေ။

အဆိုပါ ၁၃ ဖွဲ့တွင် ယခင် အပစ်အခတ် ရပ်စဲရေးဆိုင်ရာ သဘောတူညီချက်များ ရှိထားသည့် အဖွဲ့များ ပါဝင်သကဲ့သို့ နိုင်ငံရေးနှင့် စစ်ရေး အခြေအနေအရ မတူညီသော ရပ်တည်ချက်ရှိ အဖွဲ့များလည်း ပါဝင်နေသည်။

မြန်မာနိုင်ငံတွင် တစ်နိုင်ငံလုံး အပစ်အခတ်ရပ်စဲရေး သဘောတူစာချုပ် (NCA) ရေးထိုးထားသော အဖွဲ့ (၁၀) ဖွဲ့ရှိပြီး ၎င်းတို့မှာ ကရင်အမျိုးသားအစည်းအရုံး (KNU)၊ ချင်းအမျိုးသားတပ်ဦး (CNF)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ်တပ်ဦး (ABSDF)၊ ပအိုဝ်းအမျိုးသား လွတ်မြောက်ရေး အဖွဲ့ချုပ် (PNLO)၊ ကရင်ငြိမ်းချမ်းရေးကောင်စီ (KNU/KNLA-PC)၊ ရှမ်းပြည် ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS)၊ ဒီမိုကရေစီအကျိုးပြု ကရင်တပ်မတော် (DKBA)၊ ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP)၊ မွန်ပြည်သစ်ပါတီ (NMSP) နှင့် လားဟူ ဒီမိုကရက်တစ် အဖွဲ့ချုပ် (LDU) တို့ဖြစ်သည်။

ယင်းအနက်မှ KNU/KNLA-PC၊ RCSS၊ DKBA၊ ALP၊ NMSP၊ LDU အမည်ခံ ခွဲထွက်အဖွဲ့များနှင့် NCA မထိုးသော်လည်း အကျိုးစီးပွားအတွက် ဒေသတွင်း အပစ်ရပ် ရွေးတုအစိုးရ လက်အောက်ခံအဖြစ် ပူးပေါင်းလှုပ်ရှားနေသော ရှမ်းနီအမျိုးသားများ တပ်မတော် (SNA)၊ နာဂလန် အမျိုးသား ဆိုရှယ်လစ် ကောင်စီ – ကပ္ပလန် (NSCN-K) တို့သည် နေပြည်တော်၌ တွေ့ဆုံဆွေးနွေးခဲ့သည်။

ထို့အပြင် တရုတ်အစိုးရ၏ ဖိအားပေးမှုနှင့် ၎င်းတို့၏ နိုင်ငံရေး ရပ်တည်ချက်များကြောင့် မြောက်ပိုင်း ညီနောင်အဖွဲ့များဖြင့် စုဖွဲ့ထားသော ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC) အဖွဲ့ဝင် ဝပြည် သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA)၊ ရှမ်းပြည် တိုးတက်ရေးပါတီ (SSPP)၊ အမျိုးသား ဒီမိုကရက်တစ် မဟာမိတ်တပ်မတော် – မိုင်းလားအဖွဲ့ (NDAA) နှင့် တအာင်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် (TNLA) တို့နှင့်လည်း တွေ့ဆုံမှုများ ရှိခဲ့သည်။

အရေးကြီးသည်မှာ ထိုသို့ တစ်ဖွဲ့နှင့်တစ်ဖွဲ့ တွေ့ဆုံခြင်း ရှိမရှိထက် မည်သည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်၊ မည်သည့် သဘောတူညီချက်များ ရရှိခဲ့သည်၊ ထိုသဘောတူညီချက်များအား မြေပြင်၌ မည်မျှအထိ အကောင်အထည်ဖော်နိုင်ခဲ့သည် တို့ကို ကြည့်ရှုရမည် ဖြစ်သည်။

NMSP၊ LDU တို့ကဲ့သို့ အဖွဲ့များတွင် အာဏာသိမ်း၍ နိုင်ငံတစ်ဝန်း ဗုံးကြဲနေသည့် ရွေးတုအစိုးရနှင့် ထိတွေ့ဆက်ဆံနေသူများနှင့် သဘောထား ကွဲလွဲနေပြီး နှစ်ခြမ်းခွဲထွက်မှုများ ရှိနေသည်။ ထို့အပြင် ရက် ၁၀၀ ငြိမ်းချမ်းရေး ဖိတ်ခေါ်မှုကို တုံ့ပြန်ထားသော NCA ရေးထိုးထားသည့် KNU၊ CNF၊ ABSDF နှင့် PNLO အပါအဝင် စသည့် တိုင်းရင်းသား တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများ၏ ပါဝင်မှု မရှိခြင်းသည်လည်း ငြိမ်းချမ်းရေးကို အလှမ်းဝေးနေဆဲ ဖြစ်သည်။

အလားတူ အိမ်နီးချင်း တရုတ်အစိုးရ၏ ဖိအားများကြားမှ ဆက်လက် ခုခံတော်လှန်နေသည့် FPNCC အဖွဲ့ဝင် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ အာရက္ခတပ်တော် (AA) နှင့် NCA ထိုးထားခြင်း မရှိသော ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) တို့အပြင် တော်လှန်ရေး အင်အားစုများ စု‌ဖွဲ့ထားသည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ထွန်းရေး ဦးဆောင်ကောင်စီ (SCEF)၊ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH)၊ အမျိုးသားညီညွတ်ရေး အတိုင်ပင်ခံကောင်စီ (NUCC)၊ အမျိုးသား ညီညွတ်ရေးအစိုးရ (NUG)၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တို့၏ အခန်းကဏ္ဍမှာလည်း ငြိမ်းချမ်းရေးအတွက် အဓိက အရေးပါနေသည်။

ယင်းကြောင့် ရွေးတုအစိုးရ၏ ရက် ၁၀၀ ငြိမ်းချမ်းရေး စီမံချက် အပြီးတွင် မေးရမည့် မေးခွန်းမှာ “ဘယ်သူတွေ တွေ့ခဲ့ကြသလဲ” တစ်ခုတည်း မဟုတ်တော့ဘဲ “ဘယ်သူတွေ မပါဝင်နိုင်သေးသလဲ” ဆိုသည့် မေးခွန်းက ပို၍ အရေးကြီးလာသည်။

🟥CNO ဖြစ်ရပ်က ဖော်ထုတ်လိုက်သည့်ငြိမ်းချမ်းရေး ကစားကွက်

ချင်းပြည်နယ်၊ ဖလမ်းမြို့ကို စစ်ကောင်စီက ပြန်လည် ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ချင်းအမျိုးသား အဖွဲ့ချုပ် (CNO) နှင့် ဆွေးနွေးခဲ့သည်ဟု ကြွေးကြော်ခဲ့သော်လည်း CNO အဖွဲ့က အိန္ဒိယနိုင်ငံ နယူးဒေလီတွင် သွားရောက်တွေ့ဆုံခဲ့သည့် ၎င်းတို့ ဥက္ကဋ္ဌကို ရာထူးမှ ချက်ချင်း ဖယ်ရှားလိုက်သည်။

အဆိုပါ ဖြစ်ရပ်သည် CNO ဥက္ကဋ္ဌ ပင်ဖြစ်သော်လည်း အဖွဲ့အစည်း၏ မူဝါဒနှင့် လုံးဝ သက်ဆိုင်ခြင်း မရှိကြောင်း ငြင်းဆို၍ အဖွဲ့အစည်းမှ ထုတ်ပယ်ခဲ့ခြင်းကြောင့် ငြိမ်းချမ်းရေးစားပွဲသို့ နောက်ထပ် အဖွဲ့တစ်ဖွဲ့ ဝင်လာသည်ဟု သတ်မှတ်၍ မရပေ။ အဖွဲ့အစည်း ကိုယ်တိုင်က တွေ့ဆုံမှုကို တရားဝင် မူဝါဒအဖြစ် မသတ်မှတ်ကြောင်း ရှင်းလင်းထားခြင်းကြောင့် ဖြစ်သည်။

ထို့အပြင် တရုတ်နိုင်ငံ၏ ဖိအားကြောင့် မြောက်ပိုင်း ညီနောင်အဖွဲ့အစည်းများဖြစ်သည့် UWSA၊ SSPP၊ NDAA နှင့် TNLA တို့ တွေ့ဆုံမှု အချို့ရှိခဲ့သော်လည်း အရေးကြီးသည့် စစ်ရေး-နိုင်ငံရေး သဘော တူညီချက် မည်သည့်အရာမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိသလို မြေပြင်တွင် တိုက်ပွဲများသည်လည်း အရှိန်ဟုန်မပျက် ဆက်လက် ဖြစ်ပွားနေဆဲ ဖြစ်သည်။

🟥စစ်စရိတ် တိုးသုံး၍ ကုန်ဈေးနှုန်း ထိုး တက်လာသည့် “ရပ် ၁၀၀”

တစ်ဖက်တွင် ငြိမ်းချမ်းရေး စားပွဲခေါ်နေသော်လည်း အခြားတစ်ဖက်တွင် စစ်ရှုံး၍ နယ်မြေများ လက်လွှတ် နေရသည့် ရွေးတုအစိုးရသည် နိုင်ငံတစ်ဝန်း စစ်အုပ်ချုပ်ရေး ထုတ်ပြန်ကာ လေကြောင်းမှ အရပ်သား ပြည်သူများကို ဗုံးကြဲတိုက်ခိုက်မှုများကိုသာ တိုးမြှင့် ပြုလုပ်ခဲ့သည်။

KNU၊ CNF၊ ABSDF၊ PNLO၊ KIA၊ AA၊ KNPP စသည့် တိုင်းရင်းသားတပ်များအပြင် CRPH၊ NUCC၊ NUG နှင့် PDF များ ပါဝင်ခွင့်မရှိသည့် ငြိမ်းချမ်းရေး စားပွဲသည် မည်သည့်အခါမျှ အလုပ်ဖြစ်မည် မဟုတ် ကြောင်း ISP-Myanmar ကလည်း ထောက်ပြထားသည်။

ရက် ၁၀၀ စီမံချက် ကာလအတွင်း ယခုထက်ပို၍ ရိုက်ခတ်မှုရှိလာသည်မှာ ပြည်သူများ၏ နေ့စဉ် စားဝတ်နေရေး ဖြစ်သည်။ ရက် ၁၀၀ စီမံချက် ကာလအတွင်း ကုန်ဈေးနှုန်းများ တဟုန်ထိုး မြင့်တက် လာခဲ့ပြီး ကြက်ဥ အပါအဝင် အခြေခံ စားသောက်ကုန်၊ စက်သုံးဆီနှင့် သွင်းကုန် အခွန် အကောက်များ လွန်စွာ ကြီးမြင့်လာခဲ့သည်။

စီးပွားရေး လုပ်ငန်းများ လုပ်သာကိုင်သာ မရှိတော့ဘဲ တရုတ်နိုင်ငံအပေါ်၌သာ လုံးဝ မှီခိုလာရသည့် အတွက် တိုင်းပြည် စီးပွားရေးမှာ ရက် ၁၀၀ မဟုတ်ဘဲ အရာရာ ရပ်ဆိုင်းသွားသည့် “ရပ် ၁၀၀” အဖြစ်သို့သာ ရောက်ရှိသွားခဲ့သည်။

ပြည်သူများအတွက် ငြိမ်းချမ်းရေး ဆိုသည်မှာ နေပြည်တော် ဆွေးနွေးပွဲ စားပွဲပေါ်က ကြေညာချက်များ မဟုတ်ဘဲ မိမိအိမ်တွင် စိုးရိမ် သောကကင်းစွာ နေထိုင်နိုင်ခြင်း၊ စားဝတ်နေရေးအတွက် လွတ်လပ်စွာ လုပ်ကိုင်စားသောက်နိုင်ခြင်း၊ ကလေးများ ကျောင်းတက်နိုင်ခြင်းနှင့် စစ်ဘေးဒုက္ခသည်များ မိမိတို့ နေရပ်သို့ ပြန်လည် ရောက်ရှိနိုင်ခြင်းတို့သာ ဖြစ်သည်။

အာဏာ တည်မြဲရေးအတွက် ကြိုးပမ်းခဲ့သော ရွေးတုသမ္မတ မင်းအောင်လှိုင် ၏ ပထမဆုံး ခြေလှမ်း ရက် ၁၀၀ စီမံချက်သည် ထူးခြားမှု မရှိသည့် ပြက္ခဒိန်ပေါ်က နေ့ရက် ၁၀၀ မျှသာ ဖြစ်ခဲ့ပြီး ငြိမ်းချမ်းရေး အပါအဝင် စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီးတွင်လည်း ရာနှုန်းပြည့် ကျရှုံးခဲ့ပြီ ဖြစ်သည်။

ထို့ကြောင့် “မြန်မာ့ငြိမ်းချမ်းရေးက ဘယ်အထိ ရောက်လာပြီလဲ” ဆိုသော မေးခွန်း၏ အဖြေသည် နေပြည်တော်ရှိ ဆွေးနွေးပွဲ စားပွဲပေါ်တွင် မရှိဘဲ ပြည်သူများ၏ နေ့စဉ်ဘဝထဲတွင်သာ ရှိနေပေသည်။