ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူမြစ်ရေတိုက်စားရာတွင် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့ရှိ ငဝန်မြစ်ရေကာကျိုးပေါက်မှုကြောင့် မြို့နယ် ခြောက်မြို့နယ်နှင့် ကျေးရွာ ၂၀၀ နီးပါးတွင် ရေကြီးရေလျှံမှု ယနေ့အချိန်ဖြစ်ပေါ်လျက်ရှိကြောင်းသတင်းရရှိသည်။
ငဝန်မြစ်ရေကာတာနှင့် ကမ်းရင်းတာ(ပန်းတာ) စုစုပေါင်း ပေ ၁၂၀ ကျော်ပျိုးပေါက်သွားမှုကိုပြုပြင်နေရာတွင် တာတမံနိမ့်ကျသွားသောနေရာတွင် sheet Pile ၂၈၆ ချောင်းရိုက်ရမည်ဖြစ်ကာ ၅၅ ချောင်းရိုက်သွင်းပြီးစီးခြင်း၊ ပန်းတာရေဝင်လမ်းကို သဲအိတ်ချ၊ Geo – Bags ချလျက်ရှိကြောင်း ရွေးတုအစိုးရဧရာဝတီတိုင်းအဖွဲ့ထံမှ သိရသည်။

ယနေ့အချိန်အထိရေကြီးရေလျှံမှုဖြစ်ပွားရာ၌ လေးမျက်နှာမြို့ မြို့ပေါ်ရပ်ကွက် ငါးရပ်ကွက်၊ မြို့တွင်းလမ်းမကြီးများနှင့် ပတ်ဝန်းကျင်ကျေးရွာ ၁၂၄ ရွာနှင့် ဟင်္သာတမြို့နယ် ၃၇ ရွာ၊ ရေကြည်မြို့ပေါ် ရပ်ကွက်နှင့်ပတ်ဝန်းကျင်ကျေးရွာ ၂၇ ရွာတို့ပါဝင်သည်။
ထို့ပြင် ငါးသိုင်းချောင်းမြို့ မြို့ပေါ်ရပ်ကွက် ၂ ခု၊ ကျုံပျော်မြို့မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ပတ်ဝန်းကျင်ကျေးရွာ ၉ရွာ၊ ကျောင်းကုန်းမြို့ မြို့ပေါ်ရပ်ကွက် ၂ ခုနှင့် ကျေးရွာ ၂ ရွာ စုစုပေါင်းမြို့ပေါ်ရပ်ကွက် ၁၅ ခုနှင့် ကျေးရွာ ၁၉၉ ရွာသို့ ရေဝင်ရောက်မှုများဖြစ်ပွားကြောင်းရွေးတုအစိုးရထံမှ သိရသည်။
လက်ရှိတွင် ရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ကာ ရေဘေးသင့်ပြည်သူများအား ရှာဖွေကူညီကယ်ဆယ်ရေးလုပ်ငန်းများ၊ စားသောက်ဖွယ်ရာများ လိုက်လံပို့ဆောင်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေကြောင်း သိရသည်။

လက်ရှိကျိုးပေါက်သွားသောငဝန်တာအပြင် ဧရာဝတီတိုင်းအတွင်း ဇလွန်မြို့နယ်ရှိ ဧရာဝတီ – ဟင်္သာတ ( ညောင်ပင်သာတာ ပန်းတာ) နှင့် မြန်အောင်မြိုနယ်ရှိ မြန်အောင်တာမိုင် ၆/၃ နှင့် ၆/၄ ကြား အရှေ့ဘက်ပေ ၂၅၀ ခန့်အကွာရှိ တာခြေထောက်မြေထိန်းကွန်ကရစ်နံရံကို သဲအိတ်များကာရံနေကြောင်း သိရသည်။
လက်ရှိတွင်ဧရာဝတီမြစ်ရေတက်နေဆဲဖြစ်၍ အဆိုပါနေရာနှစ်ခုကို ဒေသခံများရာနှင့်ချီပါဝင်ကာ တာတမံထိန်းသိမ်းရေးအတွက် သဲအိတ်၊ ဝါးကပ်၊ တာပေါ်လင်များအသုံးပြု၍ ကာနံရံနေကြောင်း ဒေသခံများထံမှ သိရသည်။
မိုးသည်းထန်စွာရွာသွန်းမှုနှင့်အတူမြစ်ရေမြင့်တက်မှုကြောင့် ဧရာဝတီတိုင်း၊ ရခိုင်ပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့်ပဲခူးတိုင်းတို့ရှိ မြို့နယ် ၄၁ မြို့နယ်တွင် ရေဘေးသင့်ပြည်သူ ၁ ဒသမ ၃ သန်းရှိကြောင်း ISP Myanmar က ထုတ်ပြန်သည်။
ပြီးခဲ့သည့် ၂၀၂၂ ခုနှစ်စစ်တပ်အာဏာသိမ်းပြီးနောက်တွင် နိုင်ငံ့စီးပွားရေး ပြန်လည်မြှင့်တင်ရေးဆိုကာ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွ ကျပ်ဘီလျံ ၄၀၀ ကိုထုတ်ယူပြီး MSME လုပ်ငန်းများကိုချေးနိုင်ရေးသီးသန့်ရန်ပုံငွေတစ်ရပ်ထူထောင်ကာထုတ်ချေးခဲ့သည်။
ဓာတ်ပုံ – ရွေးတုအစိုးရအဖွဲ့