ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်

 

“ဝ” ပြည်နယ်အတွင်းရှိ ဒေသအချို့၌ ခရစ်ယာန်ဘုရားကျောင်းများ ပိတ်သိမ်းမှုသည် ဘာသာရေး အစွန်းရောက် လုပ်ဆောင်မှုများကြောင့်ဖြစ်ပြီး ထိုအပေါ် ယာယီပိတ်သိမ်းခြင်းဖြစ်ကာ ကင်းရှင်းသွားမည်ဆိုလျှင် ပြန်လည်ဖွင့်ပေးမည်ဟု “ဝ” ပြည်သွေးစည်းညီညွှတ်ရေတပ်မတော် – UWSA က တုံ့ပြန်ဖြေရှင်းလာသည်။

 

ထိုယာယီပိတ်သိမ်းမှုသည် ပန်ဆန်း၊ နားဝီး၊ မိုင်းပေါက်နှင့် တောင်ပိုင်း ၁၇၁ စစ်ဒေသရှိ ခရစ်ယာန်ဘုရားကျောင်း အားလုံးနီးပါးဖြစ်ပြီး ယခုရက်အတွင်း သတင်းများ ထွက်လာသဖြင့် UWSA ပြောခွင့်ရ ဦးညီရန်းက ၎င်းလူမှုကွန်ရက် စာမျက်နှာ (Facebook) မှတစ်ဆင့် ယမန်နေ့ဩဂုတ် ၁၄ ရက်တွင် ထုတ်ဖော်ပြောဆိုသည်။

 

“ဘုရားကျောင်းအချို့ ယာယီပိတ်သိမ်းထားမှု မှန်ကန်ပြီး အစွန်းရောက်တဲ့ ဘာသာရေးနဲ့ ကင်းရှင်းမှုတွေ ရှိမယ်ဆိုပါက ပြန်လည်ဖွင့်ပေးမယ်လို့ သိရပါတယ်။ “ဝ” ပြည်ပြင်ပမှ တရားမဝင် ဝင်ရောက်ပြီး ဟောပြောစည်းရုံးခြင်းလည်း ခွင့်မပြုထားပါဘူး” ဟု ၎င်းက သတင်းမီဒီယာများ၏ မေးမြန်းမှုများကို လူမှုကွန်ရက်မှတဆင့် ရေးသားထုတ်ပြန်ထားသည်။

 

၎င်းတို့အနေဖြင့် “ဝ” ပြည်နယ်အတွင်း၌ စည်းကမ်းရှိသည့် ဘာသာရေး လွပ်လပ်ခွင့် ဥပဒေပြု ပြဌာန်းထားရှိပြီး အိမ်နီးချင်း တရုတ်နိုင်ငံကို ရည်ညွှန်း၍ တစ်ဖက်နိုင်ငံ၏ သတိပေးလာမှုနှင့် ဒေသတွင်းသို့ အစွန်းရောက်သော ဘာသာရေး စည်းရုံးလှုံ့ ဆော်သူအချို့ စိပ့်ဝင်နေကြောင်း အသိပေးဖော်ပြထားသည်။

 

လက်ရှိတွင် ခရစ်ယာန်အမည်ခံ တရုတ်ဂိုဏ်း ဒေသအခေါ် “ယေရှု့တရုတ်မ” အဖွဲ့များ နာမည်ကြီးနေပြီး ဒေသတွင်းသို့ ဝင်ရောက်လာသဖြင့် ဘုရားကျောင်းများ ယာယီပိတ်သိမ်းခြင်းအပြင် ယင်းဂိုဏ်းနှင့် ပတ်သက်ဆက်နွယ်နေသူများအား ဖမ်းဆီးထိန်းသိမ်းထားကြောင်း Wa News Land သတင်းအရ သိရသည်။

 

အဆိုပါကိစ္စရပ်ကို UWSA ဗဟိုမှ တိုက်ရိုက်ကိုင်တွယ်၍ စုံစမ်းစစ်ဆေးရေးများ လုပ်နေသလို တရုတ်နိုင်ငံသား တစ်ဦးအပါအဝင် “ယေရှု့တရုတ်မ” အား ယုံကြည်သူများနှင့် ဓမ္မအမှုတော်ဆောင်ဆရာတို့ ဖမ်းဆီးထိန်းသိမ်းခံထားရဟု သိရှိရသော်လည်း UWSA ဘက်ကမူ ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

 

အလားတူ UWSA အနေဖြင့်လည်း ၎င်းတို့ထိန်းချုပ်နယ်မြေအတွင်းရှိ ခရစ်ယာန် ဘုရားကျောင်းများ ပိတ်သိမ်းခြင်း၊ ကိုးကွယ်ခွင့်များ တားမြစ်ခြင်း၊ ခရစ်ယာန် ဓမ္မဆရာများ ဖမ်းဆီးထောင်ချခြင်းနှင့် အရေးယူမှုများကို ပြီးခဲ့သည့် ၂၀၁၈-၂၀၁၉ ခုနှစ်ဝန်းကျင်ခန့်က ပြုလုပ်ခဲ့သေးကြောင်း သတင်းများအရ သိရသည်။

 

ဓာတ်ပုံ – ပုံဟောင်း