ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန် အမေရိကန်အစိုးရ၊ အထက်လွှတ်တော်တို့ တောင်းဆိုချက်မှာ တရားစီရင်ရေး အခြေခံမူများအပေါ် သက်ရောက်မှုရှိ၍ ၎င်းတို့အနေဖြင့် စိတ်မသက်မသာ ဖြစ်ရကြောင်း အာဏာသိမ်း ရွေးတုအစိုးရက တုံ့ပြန်ဆိုသည်။

စစ်အာဏာသိမ်း၍ ၎င်းတို့မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်ထားသော ဒေါ်အောင်ဆန်းစုကြည်နှင့် အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီကော်မတီ (ICRC) တို့ တွေ့ဆုံခွင့်ရမှုအပေါ် အမေရိကန်ဘက်မှ တောင်းဆိုချက်အား ရွေးတုအစိုးရ နိုင်ငံခြားရေးဝန်ကြီးဌာနမှတဆင့် ယမန်နေ့ဩဂုတ် ၁၄ ရက်၌ ထုတ်ပြန်သည်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာန၊ အရှေ့အာရှနှင့် ပစိဖိတ်ရေးရာဗျူရိုနှင့် အမေရိကန် အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဥက္ကဋ္ဌတို့က ဩဂုတ် ၃ ရက်၌ ထွက်ပေါ်လာသည့် ယင်းတွေ့ဆုံခွင့်ရမှုအပေါ် ကြိုဆိုသည်ဟု ၎င်းတို့ X လူမှုကွန်ရက်စာမျက်နှာတွင် ထုတ်ပြန်ဖော်ပြခဲ့ကြောင်း သိရသည်။

ထိုဖော်ပြချက်၌ အပြုသဘောဆောင်မှုများကို အသိအမှတ်ပြုသော်လည်း “ဒေါ်အောင်ဆန်းစုကြည်အား ချက်ချင်းနှင့် ခြွင်းချက်မရှိ လွှတ်ပေးရန်” ဟူသော တောင်းဆိုချက်သည် နိုင်ငံတစ်နိုင်ငံ၏ သက်ဆိုင်ရာ တရားစီရင်ရေး လုပ်ငန်းစဉ်နှင့် ဥပဒေ စိုးမိုးရေးဆိုင်ရာ အခြေခံမူများအပေါ် သက်ရောက်မှုရှိစေကြောင်း ရွေးတုအစိုးရက ဆိုသည်။

ယင်းအပြင် ၎င်းတို့အနေဖြင့် လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ ရှုထောင့်အရ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြစ်ဒဏ်များ လျှော့ပေါ့ပေးလျက်ရှိသော်လည်း ခြွင်းချက်မရှိ လွှတ်ပေးရန်ကိစ္စမှာ တရားဥပဒေနှင့်အညီသာ ဖြစ်နိုင်ကြောင်း ရွေးတုအစိုးရက ဆက်လက်ပြောသည်။

စစ်အုပ်စု အသွင်ပြောင်း ရွေးတုအစိုးရသည် ယခင် NLD ပါတီအစိုးရခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲ မဲမသမာမှု၊ အဂတိလိုက်စားမှုနှင့် မှားယွင်းသော စီမံခန့်ခွဲမှုများ ကျူးလွန်ဟုဆိုကာ မတရားသဖြင့် ဖမ်းဆီးချုပ်နှောင်၍ လက်အောက်ခံ တရားရုံးများ၌ မတရားသည့် ပြစ်ဒဏ်များ ချမှတ်ထားခြင်းဖြစ်သည်။

အဆိုပါအခြေအနေကို ဖုံးကွယ်ထိန်ချန်၍ ၎င်းတို့အနေဖြင့် ပြစ်ဒဏ်ကျခံနေရသူများအား လွတ်ငြိမ်းချမ်းသာခွင့်ပြုခြင်းနှင့် ပြစ်ဒဏ်များ လျှော့ပေါ့ပေးခြင်းများကို လူသားချင်းစာနာ ထောက်ထားမှုရှုထောင့်မှ အလေးထား၍ အကြိမ်ကြိမ် ဆောင်ရွက်ပေးခဲ့ရာ ယခုအချိန်အထိ ၁၂၆,၉၆၄ ဦး ရှိပြီဖြစ်ကြောင်း ဖော်ပြသည်။

ထိုအထဲ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်ကိုလည်း ပြစ်ဒဏ်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပြုခဲ့သလို ၎င်းတို့အနေဖြင့် အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သော ဖော်ပြချက်များကို အသိအမှတ်ပြုသော်လည်း အပြုသဘောမဆောင်သည့် တောင်းဆိုချက်များ အပေါ် စိတ်မသက်မသာ ဖြစ်ရကြောင်း တုံ့ပြန်ဆိုသည်။

ယင်းအပြင် ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲကိစ္စ ထပ်မံပြောဆို၍ မြန်မာနိုင်ငံအပေါ် အမေရိကန်နိုင်ငံ၏ အပြုသဘောဆောင်သည့် လက်တွဲပူးပေါင်းမှု လိုအပ်ကာ ၎င်းတို့အနေဖြင့်လည်း အမေရိကန်နှင့် ပူးပေါင်းနိုင်မည့် ကဏ္ဍများတွင် ပူးပေါင်းသွားရန် မျှော်လင့်ကြောင်း ရွေးတုအစိုးရက ထုတ်ပြန်သည်။

ဓာတ်ပုံ – လူမှုကွန်ရက်