ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
မြန်မာနိုင်ငံအတွင်းဖြစ်ပေါ်နေသည့် ရေကြီးရေလျှံမှုများကြောင့် စားနပ်ရိက္ခာပြတ်လပ်မှုများပိုမိုဖြစ်ပွားလာနိုင်သည့်အတွက် ကုလသမဂ္ဂကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ်(WFP)က အရေးပေါ်တုံ့ပြန်ရေးအစီအစဉ်ကို စတင်ခဲ့ပြီဖြစ်ကြောင်း ထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဇူလိုင် ၃၀ ရက်နေ့တွင် ရေကာတာကျိုးပေါက်မှုကြောင့် ရေကြီးရေလျှံဖြစ်ပွားနေသည့် ဧရာဝတီတိုင်း၊ လေးမျက်နှာမြို့တွင် WFP က အာဟာရဖြည့်ဘီစကွတ်များ စတင်ဖြန့်ဝေကူညီပေးခဲ့ခြင်းဖြစ်သည်။

လက်ရှိတွင်လေးမျက်နှာမြို့နယ်အတွင်း ရပ်ကွက် ငါးခုနှင့် ကျေးရွာပေါင်း ၉၈ ရွာမှ လူပေါင်း ၃၂၀၀၀ ကျော်မှာ ရေဘေးသင့်နေပြီး ဧရာဝတီတိုင်းမှ ရေဘေးသင့်ပြည်သူများကို အကူအညီပေးနိုင်ရန် ဒေသခံအဖွဲ့အစည်းများထံ လူဦးရေ ၁၀၀၀၀ စာအတွက် ဘီစကွတ် တန်ချိန် ၂၀ ကိုစတင်ပေးပို့ခဲ့ခြင်းဖြစ်သည်။
“ရေကြီးတာက ထပ်ခါတလဲလဲဖြစ်နေကျ ဘေးအန္တရာယ်တစ်ခုဆိုပေမယ့်၊ ဒီနှစ်မှာတော့ တခြားအကျပ်အတည်းမျိုးစုံကြောင့် အတော်လေးကို ရုန်းကန်နေရတဲ့ ပြည်သူတွေကို ပိုမို ဒုက္ခရောက်စေပါတယ်” ဟု မြန်မာနိုင်ငံဆိုင်ရာ WFP ဌာနေကိုယ်စားလှယ် Mr. Michael Dunford က ပြောဆိုသည်။

WFP အနေဖြင့် တနိုင်ငံလုံးအတိုင်းအတာဖြင့် ရေကြီးရေလျှံမှုစာရင်းကို ဆက်လက်ကောက်ယူနေပြီး မြန်မာနိုင်ငံသည် ပဋိပက္ခများ၊ နေရပ်စွန့်ခွာမှုများ၊ ကုန်ဈေးနှုန်းကြီးမြင့်မှုများကြောင့် လူပေါင်း ၁၂.၄ သန်းမှာ ဆာလောင်မွတ်သိပ်မှုကိုခံစားနေရစဉ် ယခုကဲ့သို့ ရေဘေးဒဏ်ကိုပါ ကြုံရခြင်းဖြစ်ကြောင်း WFP ကထုတ်ပြန်ခဲ့သည်။
WFP သည် ရေကြီးရေလျှံမှုများကို အချိန်နှင့်အမျှစောင့်ကြည့်နေပြီး စားနပ်ရိက္ခာအကျပ်အတည်း ပိုမိုမဆိုးရွားလာစေရန် ရေဘေးသင့်မိသားစုများထံ အဟန့်အတားမရှိသွားလာခွင့်မှာ အရေးကြီးပြီး အကူညီရန်ပုံငွေများအပေါ် မူတည်ပြီး စားနပ်ရိက္ခာထောက်ပံ့မှုများကိုတိုးချဲ့သွားမည်ဖြစ်ကြောင်းလည်း ထုတ်ပြန်ထားသည်။
ဓာတ်ပုံ – အင်တာနက်