ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
လာမည့် စက်တင်ဘာ ၁ ရက်နေ့တွင် ရန်ကုန်မြို့အတွင်းပြေးဆွဲနေသော YBS ယာဉ်လိုင်းများ၏ ယာဉ်စီးခများကို ၃၀၀ ကျပ်မှ ၆၀၀ ကျပ်အထိတိုးမြှင့်ကောက်ခံသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးပုဂ္ဂလိက သယ်ပူပို့ဆောင်ရေးကြီးကြပ်မှုကော်မတီ ( YRTC) က ယမန်နေ့တွင် ထုတ်ပြန်သည်။
ရန်ကုန်မြို့လူဦးရေ ခုနှစ် သန်းကျော်ရှိရာတွင် အများပြည်သူ သယ်ယူပို့ဆောင်ရေးအတွက် YBS ယာဉ်အစီရေးသုံးထောင်ကျော်ဖြင့် ပြေးဆွဲနေခြင်းဖြစ်သည်။
သခင်မြပန်းခြံကနေ ရန်ကုန်မြို့တွင်းပတ်ယာဉ်လိုင်း YBS ၅၆၊ ၅၇၊ ၅၈ လိုင်းများ၏ ယာဉ်စီးခကို ၂၀၀ ကျပ်မှ ၃၀၀ ကျပ်တိုးမြှင့်လိုက်ပြီး ဂိတ်ဖျားမှ ဂိတ်ရင်းသတ်မှတ်လမ်းကြောင်းအတိုင်းပြေးဆွဲသော YBS ယာဉ်စီးခဈေးနှုန်းကို ၄၀၀ ကျပ်မှ ၆၀၀ ကျပ်သို့ တိုးမြှင့်လိုက်ကြောင်းသိရသည်။

“အခုပေးရတဲ့ ယာဉ်စီးခ ၄၀၀ တောင် ငါးရာတန်ပေးရင် တစ်ရာပြန်မအမ်းတော့ဘူး။ YPS ကဒ်နဲ့ပေးရင် ၃၅၀ ကျပ်။ အခုဈေးနှုန်းက တူတူပဲဖြစ်သွားပြီ။ ၆၀၀ ပေးဖို့ အကြွေဘယ်လိုရှာကြမလဲမသိဘူး။ YPS ကဒ်ကို တော်တော်များနဲ့လူကြီးတွေသိပ်မသုံးကြဘူး။ တစ်ထောင်တန်ပေးရင် လေးရာအမ်းမှာလား။ အကြွေးက ရှားရှားနဲ့ ငါတို့ပဲပေးနေရတယ် ” ဟု အင်းစိန်မှ တာမွေသို့နေ့စဥ်ရုံးတက်ရသူတစ်ဦးက ပြောသည်။
လက်ရှိတွင် YBS ယာဉ်အများအပြားပျက်စီးနေသဖြင့် ပြုပြင်ရာ၌ ယာဉ်အပိုပစ္စည်းများနှင့် ဆပ်စပ်ပစ္စည်းများ ဈေးနှုန်းမြင့်လာသောကြောင့် ယခုလို ယာဉ်စီးခတိုးကောက်ရခြင်းဖြစ်ပြီး ခရီးသည်များ ဝန်ထုပ်ဝန်ပိုးမဖြစ်သော နှုန်းထားဖြစ်ကြောင်း YRTC က ဆိုသည်။
“ လိုင်ကားတွေ အကုန်ဟောင်းနွမ်းနေပြီ။ ခရီးဝေးပြေးတဲ့လိုင်းကားတွေဆိုရင် ဘယ်အချိန်စီးစီးကြပ်ညှပ်နေတာပဲ။ အရင်ကဆို ရုံးတက်၊ ရုံးဆင်းချိန်ပဲ ကားတော်တော်များများကြပ်တာ အခုက ဘယ်အချိန်ဖြစ်ဖြစ်ပဲ။ ကားအစီးရေအလာနည်းတယ်။ တစ်စီးလွတ်သွားရင် နောက်တစ်ကားလာဖို့ နာရီဝက်လောက်စောင့်ရတယ် ” ဟု YBS အသုံးပြုသူကုမ္ပဏီဝန်ထမ်းတစ်ဦးက ပြောကြားသည်။
လက်ရှိတွင် YBS အများပိုင်ကုမ္ပဏီ ၂၁ ခုမှ ယာဉ်အစီးရေ ၅၃၀၀ ကျော်ရှိသော်လည်း ပြုပြင်နေမှုနှင့် အခြားကိစ္စရပ်များကြောင့် ယာဉ်စီးရေ ၃၃၀၀ ခန့်သာပြေးဆွဲနိုင်ကြောင်းသိရသည်။
ထို့ပြင် YBS အပြင် ရန်ကုန်မြို့အတွင်းပြေးဆွဲနေသော ရွေအစိုးရလက်အောက်ရှိ မြန်မာ့မီးရထားမှ ရထားလက်မှတ်များသည်လည်း ခရီးအကွာအဝေးအလိုက် လက်မှတ်တစ်စောင်လျှင် ၄၀၀ ကျပ်၊ ၈၀၀ ကျပ်နှင့် ၁၂၀၀ ကျပ်အထိကောက်ယူနေကြောင်းသိရသည်။
ဓာတ်ပုံ – ဧရာဝတီတိုင်းမ်