နိုင်မင်းလွင်/ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်

ကချင်ပြည်နယ်တွင် စစ်ရေးပြင်းထန်၍ အထိနာစစ်ရှုံးနေသည့် အာဏာသိမ်း ရွေးတုသမ္မတက စစ်ဘက်-အရပ်ဘက် ညှိနှိုင်းမှုအတွက် လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး နေရာကို လူယုံတော်ဖြင့် အပြောင်းအလဲ ပြုလုပ်လိုက်ကြောင်း တပ်မတော်သား CDM အရာရှိများနှင့် သတင်းရင်းမြစ်ထံမှ သိရသည်။

အဆိုပါပြောင်းရွှေ့မှုကို ပြီးခဲ့သည့် ဇူလိုင်ကတည်းက ပြုလုပ်ထားခြင်း ဖြစ်သော်လည်း ယမန်နေ့ ဩဂုတ် ၁၃ ရက်မှသာ တရားဝင် ထုတ်ပြန်လာခြင်းဖြစ်ကာ နယ်/လုံဝန်ကြီးသစ်မှာ ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့အခြေစိုက် စစ်ဗျူဟာအဖွဲ့၏ ဗျူဟာမှူး ဗိုလ်မှူးကြီး စိုးရန်နောင်ဖြစ်ကြောင်း သိရသည်။

“စိုးရန်နောင်က ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ဗျူဟာမှူးဖြစ်တယ်။ ဘုရားသုံးဆူမှာ DKBA နဲ့ သူပူးပါင်းလုပ်တာတွေမှာ သဘောကျလို့ ကချင်ပြည်နယ်ဘက်ကို ပို့လိုက်ပြီး ချီးမြှောက်ထားတဲ့သူပါ” ဟု ထိုအကြောင်း သိရှိထားသူ CDM ဗိုလ်ကြီးဇင်ယောင်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အာဏာသိမ်း ရွေးတုအစိုးရက ၎င်းတို့၏ စစ်ဘက်-အရပ်ဘက် ရာထူးအပြောင်းအလဲအတွက် ဗိုလ်မှူးကြီး စိုးရန်နောင်ကို ကချင်ပြည်နယ်သို့ ရာထူးတိုးမြှင့် ပြောင်းရွှေ့ခဲ့ပြီး ယခုနှစ်၊ ဖေဖော်ဝါရီတွင် ကချင်ရွေးတုလွှတ်တော်၌ တပ်ကိုယ်စားလှယ်အဖြစ် တာဝန်ပေးထားရာမှ ယခုကဲ့သို့ ဖြစ်လာခြင်းဖြစ်သည်။

ခုခံတော်လှန်မှုကြောင့် စစ်ရေးရှုံးနိမ့်မှုနှင့် နိုင်ငံတကာ ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုများ ကြုံတွေ့နေရသည့် ရွေးတုသမ္မတက နယ်/လုံဝန်ကြီးများ ခန့်အပ်ရာတွင် ၎င်းတို့အပေါ် သစ္စာရှိပြီး စစ်ဘက်-အရပ်ဘက် အုပ်ချုပ်ရေးများကို တင်းတင်းကျပ်ကျပ် ကိုင်တွယ်နိုင်မည့်သူသာ ရွေးချယ်လေ့ရှိကြောင်း သိရသည်။

ယင်းကြောင့် လူသစ်အစားထိုး ခန့်အပ်ခြင်းထက် အတွေ့အကြုံရှိသူ၊ စစ်ဘက်-အရပ်ဘက် ကိုင်တွယ်နိုင်မည်ဟု ယူဆချက်များနှင့် မြေပြင်စစ်ရေးအပါအဝင် စသည်တို့ကြောင့် နယ်/လုံဝန်ကြီးနေရာကို အစားထိုးပြောင်းလဲခြင်းဖြစ်ကြောင်း လုပ်သက်ရင့် CDM ဗိုလ်ကြီး ညီသုတက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ထိုမတိုင်ခင် ကြာအင်းဆိပ်ကြီးအခြေစိုက် စစ်ဗျူဟာမှူးအဖြစ် ၎င်းတာဝန်ယူစဉ်က စစ်ရေးရှုံးနိမ့်မှုများ၊ တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့များ၏ ဝိုင်းရံပိတ်ဆို့ထားမှုများနှင့် ဒရုန်းစစ်ဆင်ရေးများကို အလူးအလဲခံရ၍ နယ်မြေအများစု ဆုံးရှုံးခဲ့ရသော်လည်း သစ္စာရှိစွာ လူကြီးအကြိုက် နေထိုင်ခဲ့ကြောင်း သိရသည်။

“သူတို့တစ်ခုခု ညှိတာမျိုး ဘာမျိုးရှိရင်သာ နယ်/လုံတွေက ပြောင်းတာ၊ ပုံမှန်အားဖြင့် နယ်/လုံဆိုရင် ဇယားငြိမ်သွားပြီ။ အခုက ‌အခြေချ စစ်ဗျူဟာမှူးကနေ နယ်/လုံဝန်ကြီးခန့်ဖို့အတွက် ကြိုပို့ထားပြီး ပြောင်းလဲလိုက်တာမျိုး” ဟု CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ် ပြောဆိုသည်။

ယင်းအပြင် စစ်ရေးအရ ဒေသတွင်း ထိန်းချုပ်နိုင်မှုများ နည်းပါးလာချိန်တွင် မြို့ပေါ်တစ်ဝိုက် ဟန်ပြအုပ်ချုပ်ရေး လုပ်ပြ၍ စစ်ဘေးရှောင် ပြည်သူများကို ခြိမ်းခြောက်ကာ မဲစာရင်းကောက်ယူ ၂၀၂၅ အတုအယောင် ရွေးကောက်ပွဲ ဖြစ်မြောက်ရေး ဗိုလ်မှူးကြီး စိုးရန်နောင်က မဲထည့်ခိုင်းခဲ့ကြောင်း သိရသည်။

အဆိုပါကာလများအတွင်း ဘုရားသုံးဆူမြို့သို့ ရောက်ရှိကြီးထွားလာသည့် ကျားဖြန့် (ခ) အွန်လိုင်းလိမ်လည်ဂိုဏ်း ကိစ္စရပ်တွင်လည်း ရွေးတုအစိုးရနှင့် DKBA တို့ ပါဝင်ပတ်သက်နေမှုကို ဖော်ထုတ်ခြင်းမရှိဘဲ ၎င်းအနေဖြင့် လျစ်လျူရှုပေးခဲ့ကြောင်း ဒေသတွင်း အရင်းအမြစ်များထံက သိရသည်။

အလားတူ ၎င်းအစားထိုး ရယူလိုက်သော ကချင်နယ်/လုံဝန်ကြီးဟောင်း ဗိုလ်မှူးကြီးကျော်သူရသည်လည်း ယခင်က ရခိုင်ပြည်နယ် နယ်/လုံဝန်ကြီးဖြစ်ပြီး စစ်ရှုံးမှုနှင့် စစ်ဘက်-အရပ်ဘက် ညှိနှိုင်းမှု အားနည်းခြင်းတို့ကြောင့် ကချင်သို့ ပြောင်းရွှေ့ပို့ခံရကာ ယခုနှစ်၊ ဧပြီ၌ နယ်/လုံဝန်ကြီး ထပ်ဖြစ်လာခြင်းဖြစ်သည်။

လက်ရှိတွင် ဗိုလ်မှူးကြီးကျော်သူရကို ရာထူးမှ ဖယ်ရှား၍ စစ်ဘက်သို့ ပြန်လည်ပို့လိုက်ပြီး ၂၀၂၅ ရွေးတုကိစ္စရပ်နှင့် ကျားဖြန့်စီးပွားရေး ထိန်းကျောင်းခြင်းတို့၌ ရွေးတုသမ္မတ အလိုကျ စွမ်းဆောင်နိုင်သဖြင့် ဗိုလ်မှူးကြီး စိုးရန်နောင် ဖြစ်လာခြင်းဖြစ်ကြောင်း CDM အရာရှိများက ထောက်ပြကြသည်။

ဓာတ်ပုံ – MOI