ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၅ ရက်
အင်ဒိုနီးရှားနိုင်ငံ၊ ဖလိုရက်စ်ဒေသမှာ စနေနေ့ နံနက်ပိုင်းက ပြင်းအား ရစ်ခ်တာစကေး ၇ ဒသမ ၇ ရှိတဲ့ အင်အားပြင်း ငလျင်လှုပ်ခတ်ခဲ့တာကြောင့် အဆောက်အအုံတွေ ပြိုကျပြီး လူ ၂ ဦး သေဆုံးကာ ၂ ဦး ဒဏ်ရာရရှိခဲ့ပါတယ်။
အမေရိကန် ဘူမိဗေဒလေ့လာရေးစခန်း (USGS) ရဲ့ ထုတ်ပြန်ချက်အရ ငလျင်ဟာ ဒေသစံတော် ချိန် နံနက် ၅ နာရီ ၅၈ မိနစ်မှာ မြေအောက်အနက် ၁၀ ကီလိုမီတာကို ဗဟိုပြု လှုပ်ခတ်ခဲ့တာဖြစ်ပြီး နောက်ဆက်တွဲ ငလျင်ငယ်တွေလည်း ဆက်တိုက် လှုပ်ခတ်ခဲ့ပါတယ်။
ငလျင်လှုပ်ခတ်ပြီးနောက် အာဏာပိုင်တွေက ဆူနာမီသတိပေးချက် ထုတ်ပြန်ခဲ့ပေမဲ့ ပင်လယ်ရေ မျက်နှာပြင် သိသိသာသာ ပြောင်းလဲမှု မရှိတာကြောင့် နောက်ပိုင်းမှာ သတိပေးချက်ကို ပြန်ရုပ်သိမ်းခဲ့ပါ တယ်။

ငလျင်ကြောင့် ဆေးရုံအချို့မှ လူနာတွေကို ဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းခဲ့ရပြီး ဆေးရုံ ဝန်ထမ်းတွေက ကုတင်တွေနဲ့ အောက်ဆီဂျင်ဘူးတွေကို အပြင်ဘက်ထုတ်ကာ ယာယီဆေးကုသရေးစ ခန်းတွေ ဖွင့်လှစ်ခဲ့ရပါတယ်။
ဖလိုရက်စ်ကျွန်း တစ်လျှောက်မှာ ငလျင်ဒဏ်ကို ပြင်းထန်စွာ ခံစားခဲ့ရပြီး မော်မဲရယ်ဆိပ်ကမ်း နားနေဆောင် ပြိုကျတာအပါအဝင် အဆောက်အအုံများစွာ ပျက်စီးခဲ့တာကြောင့် ဒေသခံတွေ ကြောက် လန့်ပြီး ကုန်းမြင့်ပိုင်းတွေကို ထွက်ပြေးခဲ့ကြရပါတယ်။
ကျွန်းပေါ်ရှိ စိန့်ပီတာ ဓမ္မကောလိပ်မှာလည်း နံနက်ပိုင်း ဝတ်ပြုဆုတောင်းနေစဉ် အဆောက်အအုံ အမိုးပြိုကျခဲ့တာကြောင့် ကျောင်းသားတွေနဲ့ သီလရှင်တွေ ထိတ်လန့်တကြား ထွက်ပြေးခဲ့ကြရပါတယ်။
အဆိုပါ ဖြစ်စဉ်မှာ ဘုန်းတော်ကြီးတစ်ပါးဟာ အဆောက်အအုံ ဒုတိယထပ်ကနေ ခုန်ဆင်းခဲ့တာ ကြောင့် ခြေထောက်ကျိုးဒဏ်ရာ ရရှိခဲ့တယ်လို့လည်း သိရပါတယ်။
အာဏာပိုင်တွေက ဆူနာမီသတိပေးချက်ကို ရုပ်သိမ်းလိုက်ပြီ ဖြစ်ပေမဲ့ အင်အားပြင်းငလျင်နဲ့ နောက်ဆက်တွဲ ငလျင်တွေကြောင့် ပျက်စီးဆုံးရှုံးမှု အခြေအနေကို စိစစ်စစ်ဆေးလျက်ရှိပါတယ်။
ကိုးကား – India Today
Ref; Indonesia Flores earthquake kills two, tsunami warning lifted after panic