‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၅ ရက်

‎ဧရာဝတီတိုင်း၊ သာပေါင်းမြို့နယ်၊ ကြက်သွန်ကွင်း- သဲဖြူ- မကျည်းဇင် လမ်းဆုံမှ ၇ မိုင်အကွာ ကဇင်း တောကျေးရွာကို ဩဂုတ် ၁၃ ရက်က တောဆင်ရိုင်းများ ဝင်ရောက်လာကြောင်း သိရသည်။

ကဇင်းတောကျေးရွာကို ‎သြဂုတ် ၁၃ ရက် ညပိုင်းက တောဆင်ရိုင်း နှစ်ကောင် ဝင်ရောက်လာသည့် အတွက် အမျိုး သမီးတစ်ဦး ဆင်နင်းခံရပြီး နံရိုးကျိုး၊ လက်ကျိုး၊ ခြေထောက်ဒဏ်ရာများရရှိကာ ပုသိမ်ဆေးရုံသို့ တင်ပို့ခဲ့ရကြောင်း သိရသည်။

‎”ကဇင်းတောကိုဝင်တာက ဆင်ရိုင်း နှစ်ကောင်။ အဲဒီ့ဘက်မှာ စစ်တပ်ကလည်းရှိတော့ စစ်တပ်က သေနတ်ပစ်ဖောက်လိုက်တော့ ဆင်တွေက ပြန်ထွက်သွားတယ်။ ရွာအနောက်ဘက်မှာတော့ အကောင် ၃၀ လောက်ရှိတယ်” ဟု သတင်းရင်းမြစ်က ဧရာဝတီတိုင်းမ်ကိုပြောသည်။

အဆိုပါတောဆင်ရိုင်းများသည် လက်နက်ကြီးသံများနှင့် အစာရှားပါးမှုကြောင့် ရိုးမအစပ်ရှိ ကျေးရွာများ အတွင်း အုပ်ဖွဲ့ဝင်ရောက်လာခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။

 

‎ပြီးခဲ့သည့် ဇူလိုင် ၁၅ရက်နေ့ကလည်း ငွေဆောင်မြို့နယ်အတွင်း တောဆင်ရိုင်း ဝင်ရောက်လာသည့် အတွက် ဆင်နင်းခံရပြီး မိသားစုဝင် သုံး ဦးသေဆုံးကာ တစ်ဦး ဒဏ်ရာအပြင်းအထန်ရရှိခဲ့ကြောင်း သိရသည်။

ဓာတ်ပုံ- ပုံဟောင်းပြန်လည်အသုံးပြုထားသည်။