ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)၊ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) တပ်ရင်းများအတွက် သုံးစွဲခဲ့သည့် ထောက်ပံ့စရိတ် ၈၅ ရာခိုင်နှုန်းကျော် (အမေရိကန်ဒေါ်လာ သန်း ၃၀ ခန့်) ကို ပြည်သူ့တော်လှန်ရေးထောက်ပို့တပ် (PRF) မှ ရရှိသည့် ဘဏ္ဍာငွေများဖြင့် ထောက်ပံ့ပေးခဲ့ခြင်းဖြစ်ကြောင်း သြဂုတ်လ ၁၄ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
တော်လှန်ရေး အဆုံးအဖြတ်ကာလတွင် တပ်ရင်းများသို့ ထောက်ပံ့မှု ပိုမိုတိုးမြှင့်နိုင်ရန်အတွက် ပြည်သူ လူထုအနေဖြင့် PRF အစီအစဉ်တွင် အင်တိုက် အားတိုက် ဆက်လက်ပါဝင်ပေးကြရန်လည်း NUG ကာကွယ် ရေးဝန်ကြီးဌာနက အထူးတိုက်တွန်းထားသည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၅ ခုနှစ် စက်တင်ဘာ လအထိ ၄၆ လတာအတွင်း PRF အစီအစဉ်မှ ကောက် ခံရရှိသည့် ဘဏ္ဍာငွေများအနက် ဒေါ်လာ သန်း ၃၀ ခန့်ကို PDF နှင့် ပကဖ တပ်ရင်း၊ တပ်ဖွဲ့၊ စစ်ကြောင်း ၃၆၀ ကျော်သို့ ထောက်ပံ့စရိတ် ၃၈ ကြိမ် ပေးအပ်ရာ တွင် ထုတ်နှုတ်သုံးစွဲခဲ့ခြင်းဖြစ်သည်။
ထောက်ပံ့ကြေး စတင်ချိန်က တစ်ကြိမ်လျှင် ပျမ်းမျှ ဒေါ်လာ ၀.၉၆ သန်းခန့် သုံးစွဲခဲ့သော်လည်း ၂၀၂၆ ခုနှစ်မှစတင်၍ တစ်ကြိမ်လျှင် ဒေါ်လာ ၁ဒသမ ၃ သန်းခန့်အထိ တိုးမြှင့်ထောက်ပံ့ပေးလျက်ရှိသည်ဟုဆိုသည်။
PRF အစီအစဉ်ကို ခိုင်မာသော သန္နိဋ္ဌာန်ဖြင့် ပါဝင်ခဲ့ကြသူများကို ဂုဏ်ပြုမှတ်တမ်းတင်ထားပြီး လက်ရှိကာလသည် အရေးကြီးသည့်အတွက် PRF နှင့် NUG ၏ ဘဏ္ဍာငွေရှာဖွေရေးလုပ်ငန်းစဉ်များတွင် ပြည်သူများ ပိုမိုပါဝင်ပေးကြရန် နှိုးဆော်ထားသည်။