ဧရာဝတီတိုင်းမ်
(ဖလမ်း)၊သြဂုတ် ၁၄ ရက်
ရွေးတုအစိုးရတပ် ပြန်လည်ထိန်းချုပ်သော ချင်းပြည်နယ်၊ ဖလမ်းမြို့တွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး EPC ဝန်ထမ်းနှစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။
အဆိုပါ EPC ဝန်းထမ်းနှစ်ဦးသည် လျှပ်စစ်မီးလိုင်း ပြုပြင်နေစဥ် ယမန်နေ့ သြဂုတ် ၁၃ ရက်နေ့ ညနေ ၄ နာရီဝန်းကျင်က ဗုံးပေါက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။
“ဘုရားကုန်းတောင်ခြေအနားမှာ လျှပ်စစ်မီးလိုင်း ပြင်ကြတာပါ။ အဲမှာ ဗုံးထ ပေါက်တာ။ EPC ဝန်ထမ်းနှစ်ဦး ဒဏ်ရာရတယ်။ သူတို့နှစ်ယောက်က နေ့စား ဝန်ထမ်းတွေပါ”ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

ဒဏ်ရာရရှိသူနှစ်ဦးသည် ဖလမ်းမြို့ EPC ရုံးတွင် တာဝန်ထမ်းဆောင်ရန် ဝန်ထမ်းမရှိသည့်အတွက် နေ့စားဝန်ထမ်းအဖြစ် အလုပ်လုပ်ကိုင်ကြသူများဖြစ်ကြသည်။ အဆိုပါ ဒဏ်ရာရရှိသူနှစ်ဦးအနက် တစ်ဦးမှာ အသက်အန္တရာယ်စိုးရိမ်နေရပြီး လက်ရှိတွင် ဖလမ်းမြို့ ဆေးရုံတွင် ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။
“EPC ရုံးမှာ ဝန်ထမ်းတွေမရှိတော့ အရပ်သားတွေ နေ့စားငှားပြီး ပြုပြင်ခိုင်းတာပါ။ ဒဏ်ရာရတဲ့ နှစ်ယောက်လည်း နေ့စားဝန်ထမ်းတွေသာဖြစ်တယ်။ နှစ်ယောက်စလုံး ဖလမ်း ဆေးရုံမှာ ဆေးကုသမှု ခံယူနေပါတယ်။ တစ်ယောက်က စိုးရိမ်ရတယ်”ဟု ဖလမ်းမြို့ခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
ဒဏ်ရာရရှိသူနှစ်ဦးမှာ အသက် ၁၈ နှစ်အရွယ် ဗြောင်လျန်ကိမ်းနှင့် ၂၄ နှစ်အရွယ် မောင်ငွန်လျန်ထမ်းတို့ ဖြစ်ကြောင်း သိရသည်။
ရွေးတုအစိုးရစစ်တပ်သည် ပြီးခဲ့သည့် ဧပြီလအတွင်းက ဖလမ်းမြို့ကို ပြန်လည်ထိန်းချုပ်ထားပြီး အုပ်ချုပ်ရေးယန္တယားများ လှည်ပတ်ရန် ဆောင်ရွက်သော်လည်း မိုင်းရှင်းလင်းရေးကို အပြည့်အဝ ဆောင်ရွက်နိုင်ခြင်းမရှိသေးကြောင်း သိရသည်။
ပုံစာ-ဖလမ်းမြို့ မြင်ကွင်း၊