ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

 

ပြည်ပမှ ဆေးဝါးတင်သွင်းမှု လျှော့ချရေးအတွက် ရွေးတုအစိုးရက ကြိုးပမ်းနေပြီး ကင်ဆာ၊ HIV၊ ဆီးချိုနှင့် မေ့ဆေးအပါအဝင် ဆေးဝါးအသစ် ၆ မျိုး တီထွင်နိုင်ခဲ့သည်ဟု ဆိုကာ ဆုငွေများ ဂုဏ်ပြု ပေးအပ်ခဲ့သော်လည်း ဆေးဝါးအမည်၊ ဒြပ်ပေါင်းနှင့် စမ်းသပ်မှု အထောက်အထားများ ထုတ်ပြန်ခြင်း မရှိသဖြင့် ပြည်သူများ သုံးစွဲပါက အသက်အန္တရာယ် ဖြစ်စေနိုင်ကြောင်း CDM ဆရာဝန်များနှင့် ဆေးဝါးဗေဒ ပညာရှင်များက သတိပေး ထောက်ပြ ထားသည်။

 

အဆိုပါ ဆေးဝါးများတွင် ကင်ဆာရောဂါကုသဆေး ၁ မျိုး၊ HIV ကုသဆေး ၁ မျိုး၊ ဆီးချို ရောဂါကုသဆေး ၂ မျိုး၊ အရိုးအကြောအဆစ်ရောဂါကုဆေး ၁ မျိုးနှင့် မေ့ဆေး ၁ မျိုးတို့ ပါဝင်သည်ဟု ရွေးတုအစိုးရ စက်မှုဝန်ကြီး ဒေါက်တာချာလီသန်းက ထုတ်ဖော်ပြောကြားခဲ့ခြင်း ဖြစ်သည်။

သို့သော် နိုင်ငံတကာ ဆေးဝါးထုတ်လုပ်မှု စံချိန်စံညွှန်းများအရ ဆေးဝါးအသစ် တီထွင်ခြင်းသည် နှစ်ပေါင်းများစွာ ကြာမြင့်သည့်အပြင် တိကျသော သုတေသန အထောက်အထားများ ပြသရမည်ဖြစ်ရာ ယခုကဲ့သို့ ဆေးအမည်ပင် ထုတ်ဖော်ပြောဆိုနိုင်ခြင်းမရှိသည်မှာ မရိုးသားဘဲ ပုံတူကူးချ ဖော်စပ်ခြင်းသာ ဖြစ်နိုင်ကြောင်း CDM ဆရာဝန်တစ်ဦးက ပြောကြားသည်။

 

“သူတို့ ထုတ်ပြန်တဲ့အထဲမှာ ဆေးနာမည် အတိအကျ တစ်ခုမှ မပါဘူး။ ဆေးဝါးကို ပြည်တွင်းမှာ ပုံတူပြန်ထုတ်တာ ဖြစ်နိုင်ပေမဲ့ တီထွင်တာတော့ မဖြစ်နိုင်ဘူး။ ကိုဗစ်တုန်းကလည်း ရုရှားက ဆေးဝါးကို ယူပြီး ဒီမှာ ပြန်ထုတ်ဖူးတာမျိုး ရှိတယ်။ ကင်ဆာဆေးက ဘာ၊ ဆီးချိုဆေးက ဘာဆိုတာ ထည့်မရေးတာဟာ မရိုးသား ကြောင်း ပြနေတာပဲ” ဟု အဆိုပါ CDM ဆရာဝန်က ဧရာ၀တီတိုင်းမ်ကို ပြောသည်။

ရွေးတုအစိုးရ ထုတ်လုပ်မည်ဟု ဆိုသည့် ဆေးဝါးများသည် အရည်အသွေး စံချိန်စံညွှန်း ပြည့်မီကြောင်း အထောက်အထား မရှိခြင်းကြောင့် သုံးစွဲပါက အသက်အန္တရာယ် မကြုံချင်မှ ရောက်နိုင်ကြောင်း ဆေးဝါးဗေဒ ပညာရှင်များက ထောက်ပြထားသည်။

 

ဥပမာအားဖြင့် မေ့ဆေး ရောစပ်မှု အနည်းငယ် လွဲမှားပါက ခွဲစိတ်လူနာများ နှလုံးရပ်ခြင်းနှင့် အသက်ရှူရပ်ခြင်းတို့ ဖြစ်ပေါ်နိုင်ပြီး ကင်ဆာဆေးများတွင်လည်း တိကျသည့် စံချိန်စံညွှန်း မရှိပါက လူနာ၏ ကိုယ်ခံအားစနစ်ကို လုံးဝ ပျက်စီးစေပြီး သေဆုံးသည်အထိ အန္တရာယ် ဖြစ်စေနိုင်ကြောင်း သိရသည်။

 

ရွေးတုသမ္မတ မင်းအောင်လှိုင်သည် နိုင်ငံရေးအရ အမြတ်ထုတ်ရန်နှင့် ပြည်ပဆေးဝါး တင်သွင်းခွင့် ပိတ်ပင်ရေးအတွက် အကြောင်းပြချက်ရှာကာ တိကျသော အချက်အလက် မရှိသည့် ဆေးဝါးများကို တီထွင်သည်ဟု ဝါဒဖြန့်နေခြင်းဖြစ်ပြီး အာမခံချက်မရှိသည့် အဆိုပါ ဆေးဝါးများကို သုံးစွဲခြင်း မပြုကြရန် CDM ဆေးဘက်ဆိုင်ရာ ပညာရှင်များက အထူးသတိပေးထားသည်။

 

ဓာတ်ပုံ – ဧရာဝတီတိုင်းမ်၊ MOI