ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ရက်
ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်အတွင်း အခြေစိုက်ထားသည့် ရွေးတုအစိုးရစစ်တပ်၏ ကျားမသောက် အခြေ စိုက် စစ်မြေပြင်အင်ဂျင်နီယာတပ်ရင်း (စအရ-၉၀၈) ကို အာရက္ခတပ်တော် (AA) က လက်နက်ကြီးများဖြင့် ထိုးစစ်ဆင် ပစ်ခတ်တိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများ ရှိခဲ့ကြောင်း ဒေသတွင်း သတင်းရင်းမြစ်များထံမှ သိရသည်။
AA သည် ကျားမသောက်တပ်ရင်းကို ဩဂုတ် ၁၀ ရက်နှင့် ၁၁ ရက်နေ့များတွင် လက်နက်ကြီးများဖြင့် ဆက် တိုက်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီး စစ်တွေတပ်နယ်အနီး လက်နက်ကြီးတစ်ကမ်းအထိ ခြေကုပ် ယူထားနိုင်ခဲ့ကြောင်း သိရသည်။
“AA က ပတ်ပြီး ပိတ်ဆို့ထားတဲ့အခြေအနေရှိနေပြီ။ နာရီကန်ဘက်ဆိုလည်း စိမ့်ဝင်ပြီးတော့ကို ပစ်ခတ် ထားတာတွေရှိတယ်။ ဒကစ(ဒေသကွပ်ကဲမှုစစ်ဌာနချုပ်)ကို ခြိမ်းခြောက်နေတာပေါ့” ဟုသတင်းရင်း မြစ်က ဧရာဝတီတိုင်းမ်ကို ပြောသည်။

အဆိုပါ စအရ-၉၀၈ တပ်ရင်းသည် စစ်တွေမြို့နှင့် ၄ မိုင်ခန့်အကွာ၊ ပုဏ္ဏားကျွန်းမြို့နယ်နှင့် စစ်တွေမြို့နယ် အစပ်ရှိ ကုလားတန်မြစ်နှင့် ချောင်းလက်တက်များအနီး ကျားမသောက်ကျေးရွာ ဝန်းကျင်တွင် တည်ရှိသည်။
ထို့ပြင် ပါဒလိတ်ရှိ တပ်ရင်း (၃) ရင်းကို ကွပ်ကဲရသည့် ပါရမီရင်းစုမှူး တာဝန်ယူထားရသည့် တပ်ရင်းဖြစ်ပြီး မြိုင်ဟေဝန် ပန်းခြံအနီးတွင် တည်ရှိကာ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒကစ နှင့် ပါဒလိတ်တပ်များအကြား စစ်ရေးအရ အရေးပါသော နေရာတစ်ခုဖြစ်သည်။
ရွေးတုအစိုးရ စစ်တပ်အနေဖြင့်လည်း စစ်တွေအခြေစိုက် တပ်စခန်းများ၊ ကာကင်းစခန်းများ၊ ရွှေမင်းဂံ ရေတပ်စခန်းနှင့် ဒကစ တို့အပြင် အခြားတပ်ရင်းများမှလည်း AA ထိန်းချုပ်ထားသည့် နေရာများကို ကင်းထောက်ဒရုန်းများ၊ အသေခံဒရုန်းများ၊ လက်နက်ကြီးကျည်များဖြင့် ဆက်လက်ပစ်ခတ်လျက် ရှိကြောင်း စစ်ရေးသတင်းရင်းမြစ်များထံမှ သိရသည်။
ထို့အပြင် ဆတ်ရိုးကျချောင်းတံတားအောက်တွင် ရေတပ်စခန်းတည်ဆောက်နေပြီး မြို့တွင်းရှိ အထပ် မြင့်အိမ်များတွင် စစ်တပ်က ဝင်ရောက်နေရာယူထားကာ ကမ်းနားတစ်လျောက်တွင် နှစ်ထပ် ဘန်ကာများ၊ သဲအိတ်ကာကင်းများပါ ပြုလုပ်လျက်ရှိသည်။
လက်ရှိတွင် စစ်တပ်သည် ရခိုင်ဒေသသို့ ရေကြောင်း၊ ကြည်းကြောင်းတို့ဖြင့် စစ်ဆင်နိုင်စွမ်း မရှိတော့ သည့် အတွက် လေကြောင်းတိုက်ခိုက်မှုများကိုသာ အဓိက အားပြုလုပ်ဆောင်နေကြောင်း သိရသည်။ ယမန်နေ့ ဩဂုတ် ၁၃ရက်နေ့က ဂွမြို့နယ် ကျိန္တလီမြို့ကို စစ်တပ်က လေကြောင်းတိုက်ခိုက်ရာ မိသားစု တစ်စုလုံး အစုလိုက်အပြုံလိုက် သေဆုံးခဲ့သည်။
ထို့ပြင် ရခိုင်တောင်ပိုင်း သံတွဲနှင့် ငပလီသို့ စစ်တပ်က ကမ်းတက်စစ်ဆင်ရေး ပြုလုပ်မည်ဆိုသည့် သတင်းများ ထွက်ပေါ်နေပြီး အင်အား အလုံးအရင်းစုဆောင်းကာ ဧရာဝတီနှင့် ရခိုင်အစပ်ကို စစ်အင် အားများ ပို့ဆောင်နေကြောင်း သိရသည်။
ဓာတ်ပုံ-AA Info Desk၊ လူမှုကွန်ရက်