ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ ရက်

 

မိုးလယ်ကာလ မိုးသည်းထန်စွာ ရွာသွန်းမှုနှင့်အတူ မြစ်ရေတက်လာမှုကြောင့် ဟင်္သာတနှင့် ဇလွန် အပါအဝင် မြို့နယ် ၆ မြို့နယ်၌ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက်သို့ မြင့်တက်လာနေပြီး ပန်းတောင်းမြို့တွင် မြို့တွင်းသို့ ရေဝင်ရောက်လာသဖြင့် ဒေသခံများကို စတင်ရွှေ့ပြောင်းပေးနေ ရကြောင်း သိရသည်။

 

ဧရာဝတီတိုင်း၊ ဟင်္သာတမြို့၏ ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၃၄၂ စင်တီမီတာ ထက် ကျော်လွန်ကာ ၁၃၅၈ စင်တီမီတာသို့ ရောက်ရှိနေပြီး လာမည့် ၁ ရက်အတွင်း ၂၅ စင်တီမီတာခန့် ဆက်လက်မြင့်တက်လာနိုင်ကြောင် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (မိုး/ဇလ) ၏ ယနေ့ ဩဂုတ် ၁၄ ရက်တွင် ထုတ်ပြန်ထားသည်။

အလားတူ ဇလွန်မြို့တွင်လည်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေအမှတ် ၁၁၆၀ စင်တီမီတာ ကိုကျော် လွန်၍ ၁၁၆၆ စင်တီမီတာသို့ ရောက်ရှိနေကာ လာမည့် ၁ ရက်အတွင်း ၂၅ စင်တီမီတာခန့် ထပ်မံ မြင့်တက်လာနိုင်သည့်အတွက် ရေတာတမံများ ကျိုးပေါက်မည်ကို ဒေသခံများ စိုးရိမ်လျက်ရှိသည်။

 

“ဇလွန်မှာ ဧရာဝတီမြစ်ရေ အတော်လေးတိုးနေပြီ။ ညောင်ပင်သာတာ ကျိုးသွားမှာစိုးလို့ ဒီရက်ပိုင်း ကတည်းက သဲအိတ်၊ မြေအိတ်တွေနဲ့ ပြည်သူတွေကော ဆည်မြောင်းကပါ ပူးပေါင်းပြီး တာဖို့ နေကြတယ်။ ရေက ထပ်တက်လာရင်တော့ တာကျိုးမှာ အတော်လေး စိုးရိမ်ရတယ်” ဟု ဇလွန်မြို့ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

ထို့ပြင် လာမည့် ၃၆ နာရီအတွင်း ဧရာဝတီမြစ်ရေသည် ပြည်မြို့တွင် စိုးရိမ်ရေမှတ်အထက်သို့ ရောက်ရှိလာမည်ဖြစ်ပြီး ရေကြောင်းပြောင်းလဲလာမှုကြောင့် ပန်းတောင်းမြို့အတွင်းသို့ မြစ်ရေစတင် ဝင်ရောက်လာကာ ရေကြီးရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့ (MFS) က ရပ်ကွက်အချို့မှ အိမ်ထောင်စုများကို ရေဘေးလွတ်ရာသို့ အရေးပေါ် ရွှေ့ပြောင်းပေးနေရသည်။

“ဧရာဝတီမြစ်ရေတက်လို့ ပန်းတောင်းမြို့နယ်ထဲ ရေဝင်လာပြီ။ ရပ်ကွက်အချို့ရေဝင်လို့ အိမ်ထောင်စု တွေကို ရေဘေးလွတ်ရာပြောင်းရွေ့ပေးနေတယ်” ဟု MFS က ဆိုသည်။

 

ထို့အတူ ဆိပ်သာမြို့တွင်လည်း ဧရာဝတီမြစ်ရေသည် စိုးရိမ်ရေမှတ်အထက် ၄၄ စင်တီမီတာ ကျော်လွန်နေပြီး လာမည့် ၁ ရက်အတွင်း ၂၀ စင်တီမီတာခန့် ထပ်မံမြင့်တက်မည် ဖြစ်ကြောင်း မိုး/ ဇလထံမှ သိရသည်။

 

#အခြားမြစ်ကြီးများ၏ရေကြီးမှုအခြေအနေ

 

လက်ရှိ ရေကြီးရေလျှံနေသည့် ငါးသိုင်းချောင်းမြို့တွင် ငဝန်မြစ်ရေသည် စိုးရိမ်ရေမှတ်နီးပါး ရောက်ရှိနေပြီး လာမည့် ၂ ရက်အတွင်း စိုးရိမ်ရေမှတ်သို့ ထပ်မံရောက်ရှိမည်ဖြစ်သည်။

 

“ငါးသိုင်းချောင်းမှာ ရေတက်တာကြာပြီ။ အိမ်နားရောက်လာတာ လေးရက်လောက်ရှိသွားပြီ။ လေးမျက်နှာ ရေကြီးပြီးတော့ တဖြေးဖြေး ငါးသိုင်းချောင်းရောက်လာတာ။ မြစ်ဘေးနီးတဲ့နေရာတွေ အရင်ရေတက်တယ်။ အခုမြို့ပေါ်ရပ်ကွက်ထဲ ရေဝင်နေပြီ။ ငဝန်မြစ်ရေပါ ထပ်တက်ရင် အရင်ထက် ပိုကြီးနိုင်တယ်” ဟု ငါးသိုင်းချောင်း ဒေသခံတစ်ဦးက ဧရာ၀တီတိုင်းမ်ကို ပြောသည်။

 

ဒုဋ္ဌဝတီမြစ်သည် မြစ်ငယ်မြို့တွင် စိုးရိမ်ရေမှတ်ထက် ၇၀ စင်တီမီတာခန့် ကျော်လွန်နေပြီး နောက် ၁ ရက်အတွင်း လက်မ အနည်းငယ် ကျဆင်းနိုင်သော်လည်း စိုးရိမ်ရေမှတ်အထက်တွင်ပင် ဆက်လက် တည်ရှိမည်ဖြစ်သည်။

 

သံလွင်မြစ်ရေသည် ဘားအံမြို့တွင် စိုးရိမ်ရေမှတ် ၇၅၀ စင်တီမီတာထက် ၉၂ စင်တီမီတာ ကျော်လွန် နေပြီး စိုးရိမ်ရေမှတ်အထက် ဆက်လက် တည်ရှိနေမည်ဖြစ်ကြောင်း မိုး/ဇလက ဆိုထားသည်။

 

ထို့အတူ စစ်တောင်းမြစ်ရေသည်လည်း မဒေါက်မြို့တွင် စိုးရိမ်ရေမှတ် ၁၀၇၀ ထက် ၃၄ စင်တီမီတာ ကျော်လွန်နေကာ စိုးရိမ်ရေမှတ်အထက် ဆက်လက် ရှိနေမည်ဖြစ်သည်။

 

ထို့ကြောင့် ဧရာဝတီမြစ်၊ ငဝန်မြစ်၊ ဒုဋ္ဌဝတီမြစ်၊ သံလွင်မြစ်နှင့် စစ်တောင်းမြစ်ကြောင်းတစ်လျှောက်ရှိ မြေနိမ့်ပိုင်းနှင့် မြစ်ကမ်းနားတွင် နေထိုင်ကြသူများအနေဖြင့် ရေတက်ချိန်နှင့် တာတမံ အခြေအနေ များကို မျက်ခါးမပြတ် စောင့်ကြည့်၍ အရေးပေါ် ရွှေ့ပြောင်းနိုင်ရေးအတွက် ကြိုတင်ပြင်ဆင်ထားရန် သတိပေး နှိုးဆော်ထားသည်။

 

ဓာတ်ပုံ – မိုး/ ဇလ၊ လူမှုကွန်ရက်