ဧရာဝတီတိုင်းမ်
သြဂုတ် ၁၄ ရက်

 

ချင်းပြည်နယ်တောင်ပိုင်း၊ ပလက်ဝမြို့နယ်၊ ဆမီးမြို့ကို ရွေးတုအစိုးရတပ်မှ လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းကြောင့် ခူမီးအမျိုးသမီးငယ်တစ်ဦး သေဆုံးပြီး အရပ်သား ၁၀ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

သြဂုတ် ၁၂ ရက်၊ ည ၁၁ နာရီ ၂၀ မိနစ်ခန့်တွင် ဆမီးမြို့ အမှတ် (၂) ရပ်ကွက် နှင့် ရွေးတုအစိုးရတပ်၏ ယခင်ဗျူဟာကုန်းနေရာများဘက်ကို ဂျက်ဖိုက်တာဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

“အရင် စစ်တပ်ရဲ့ ဆမီးဗျူဟာကုန်းနဲ့ ဆမီးမြို့အဝင် နှစ်နေရာကို လူတွေ အိပ်မော့ကျနေချိန်မှာ ဗုံးသီး လေးလုံးလောက် ကြဲချသွားတာပါ။ ဗျူဟာကုန်းဘက်တော့ ထိခိုက်မှုမရှိဘူး။ ဆမီးအဝင် အမှတ်(၂) ရပ်ကွက်ဘက်မှာတော့ အရပ်သား ထိခိုက်မှုရှိတယ်”ဟု ဆမီးဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။

 

အဆိုပါ တိုက်ခိုက်မှုကြောင့် ဆမီးမြို့၊ အမှတ် (၂) ရပ်ကွက်မှ အသက် ၁၆ နှစ်အရွယ် ခူမီးအမျိုးသမီးငယ်တစ်ဦး သေဆုံးခဲ့ပြီး သေဆုံးသူ၏ မိသားစုဝင်များအပါအဝင် အရပ်သား ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

ဒဏ်ရာရရှိသူများထဲတွင် ကလေးငယ်များ ပါဝင်ပြီး အချို့မှာ ပြင်းထန်ဒဏ်ရာရရှိထားကာ လက်ရှိတွင် ဘေးလွတ်ရာသို့ ရွှေ့ပြောင်း၍ ဆေးကုသမှုပေးလျက်ရှိသည်။

 

ရွေးတာအစိုးရတပ်အနေဖြင့် ပြီးခဲ့သည့် သြဂုတ်လ ၁၁ ရက် မနက်ပိုင်းကလည်း ပလက်ဝမြို့အဝင် ရိက္ခာရပ်ကွက်ကို လေကြောင်းဖြင့် ဗုံးသီး နှစ် လုံး ကြဲချတိုက်ခိုက်ခဲ့ရာ ခူမီးအမျိုးသမီးကျောင်းသူ နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သေးသည်။