ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၄ရက်
ရခိုင်-ဧရာဝတီ အစပ်နယ်မြေများဖြစ်သည့် ရေကြည်မြို့နယ်နှင့် သာပေါင်းမြို့နယ်အတွင်း၌ စစ်တပ်၏ အင်အားအလုံးအရင်းဖြင့် ထိုးစစ်ဆင်မှုကြောင့် ဩဂုတ် ၁၂ ရက်နေ့ တစ်ရက်တည်း၌ပင် နေရာ ငါး နေရာထက်မနည်း တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားခဲ့ကြောင်း အာရက္ခတပ်တော် AA က ဩဂုတ်လ ၁၃ ရက်နေ့တွင် သတင်းထုတ်ပြန်သည်။
စစ်တပ်သည် ရခိုင်ဒေသအတွင်းသို့ ထိုးဖောက်ဝင်ရောက်နိုင်ရန်အတွက် ရခိုင်ဒေသနှင့် နယ်မြေထိစပ်နေသည့် တိုင်း သုံး တိုင်းနှင့် ပြည်နယ် တစ်ခုမှ နည်းလမ်းမျိုးစုံဖြင့် ထိုးစစ်ဆင်နေသည်မှာ တစ်နှစ်ကျော် ကြာမြင့်လာပြီဖြစ်ကာ ယခုရက်ပိုင်းအတွင်း ရခိုင်-ဧရာဝတီ အစပ်နယ်မြေများ၌ တိုက်ပွဲများ ပိုမိုဆက်လက်ပြင်းထန်လာနေခြင်းဖြစ်သည်။

ပြီးခဲ့သည့် ဩဂုတ် ၁၂ ရက် နံနက်ပိုင်းတွင် သာပေါင်းမြို့နယ်၊ သာပေါင်းကလေးကျေးရွာ အရှေ့ဘက် မီတာ ၁,၀၀၀ ခန့်အကွာ၌ စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁၀၁ တပ်ရင်းနှင့် AA တို့ နံနက် ၆ နာရီ ၅၃ မိနစ်မှ ၉ နာရီ ၅၃ မိနစ်အထိ သုံးနာရီကြာ တိုက်ပွဲဖြစ်ပွားခဲ့သည်။
စစ်တပ်ဘက်မှ လေကြောင်း၊ ဒရုန်းနှင့် မြေပြင်လက်နက်ကြီး ပစ်ကူများ အမြောက်အမြား အသုံးပြု၍ ထိုးစစ်ဆင်ခဲ့သော်လည်း AA ဘက်က တန်ပြန်ခုခံတိုက်ခိုက်ခဲ့သဖြင့် စစ်တပ်ဘက်မှ သေဆုံးမှုများဖြင့် ဆုတ်ခွာသွားခဲ့ကြောင်းနှင့် ရုပ်အလောင်းအချို့အပြင် လက်နက်ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့ကြောင်း ဖော်ပြထားသည်။
အလားတူ ရေကြည်မြို့နယ်အတွင်းရှိ ပွိုင့် ၁၀၁ ကုန်း အနီးဝန်းကျင်၌လည်း စစ်တပ်၏ တပ်မ ၆၆ လက်အောက်ခံ ခလရ ၁ နှင့် ခလရ ၁၁ တပ်ရင်းများ ပါဝင်သည့် စစ်ကြောင်းများနှင့် တိုက်ပွဲများ ဆက်တိုက်ဖြစ်ပွားခဲ့သည်။

ပွိုင့် ၁၀၁ ကုန်း၏ တောင်ဘက်မီတာ ၃၇၃ခန့်အကွာတွင် နံနက် ၇ နာရီမှ နေ့လယ် ၂ နာရီ ၃၉ မိနစ်အထိ ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့သည်။ ထို့အပြင် ပွိုင့် ၁၀၁ ကုန်း၏ အနောက်တောင်ဘက် ၁.၁၃ ကီလိုမီတာခန့်အကွာ တွင်လည်း နံနက် ၉ နာရီ ၂၄ မိနစ်မှ နေ့လယ် ၁ နာရီ ၄၀ မိနစ်အထိ တိုက်ပွဲဖြစ်ပွားခဲ့သည်။
အဆိုပါ တိုက်ပွဲဖြစ်ပွားရာ မလှမ်းမကမ်း အခြားနေရာ နှစ်ခုတွင်လည်း စစ်တပ်၏ ထိုးစစ်ကြောင့် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။
စစ်တပ်ဘက်မှ ဂျက်ဖိုက်တာ၊ Y-12 လေယာဉ်များ၊ ဒရုန်းများနှင့် မြေပြင်လက်နက်ကြီး ပစ်ကူများကို အများအပြား အသုံးပြု၍ စစ်ကြောင်းများဖြန့်ကာ ထိုးစစ်ဆင်ခဲ့သော်လည်း တိုက်ပွဲများအတွင်း စစ်တပ်ဘက်မှ ရုပ်အလောင်းများနှင့် လက်နက်ခဲယမ်းအချို့ကို ထပ်မံသိမ်းဆည်းရမိခဲ့ကြောင်း AA ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အာရက္ခတပ်တော် စစ်ရုံးချုပ်အနေဖြင့် စစ်တပ်၏ ထိုးစစ်များကို တည်ငြိမ်စွာ ခုခံစစ်ဆင်နွှဲခဲ့သည့် AA စစ်သည်တော်များကို မှတ်တမ်းတင်ဂုဏ်ပြုကြောင်းလည်း ထည့်သွင်းထုတ်ပြန်ထားသည်။
ဓာတ်ပုံ- AA Info Desk
ပုံစာ- ဩဂုတ် ၁၂ရက်ကဖြစ်ပွားသည့်တိုက်ပွဲအတွင်း AA သိမ်းဆည်းရမိသည့် လက်နက် ခဲယမ်းများ