‎ဧရာဝတီတိုင်းမ်
‎ဩဂုတ် ၁၄ရက်

‎​ရခိုင်ပြည်နယ်၊ ဂွမြို့နယ်၊ ကျိန္တလီမြို့နှင့် ကိုင်းခုံကျေးရွာတို့ကို စစ်တပ်က ယမန်နေ့ ဩဂုတ် ၁၃ ရက် ညပိုင်းတွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ကလေးငယ်များ အပါအဝင် အရပ်သားပြည်သူ ရှစ်ဦး သေဆုံးခဲ့ကြောင်း အာရက္ခတပ်တော် AA သတင်းနှင့် ပြန်ကြားရေးက ယနေ့ ဩဂုတ် ၁၄ ရက်တွင် သတင်းထုတ်ပြန်သည်။

‎​AA ၏ ထုတ်ပြန်ချက်အရ ဩဂုတ် ၁၃ ရက် ည ၁၁ နာရီ ၃၀မိနစ်ခန့်တွင် ကျိန္တလီမြို့၊ အမှတ် (၁) ရပ်ကွက်၊ မေတ္တာပေါင်းကူးလမ်းရှိ အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်အတွင်းသို့ စစ်တပ်၏ ဂျက်တိုက်လေယာဉ်တစ်စီးက ဗုံးသီး နှစ်လုံး ကြဲချတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

‎​

အဆိုပါ လေကြောင်းတိုက်ခိုက်မှုကြောင့် နေအိမ်ပေါ်၌ပင် မိသားစုဝင်များနှင့် အရပ်သား ရှစ် ဦး အစုလိုက်အပြုံလိုက် သေဆုံးခဲ့ပြီး ပြည်သူ့နေအိမ် ငါး လုံးနှင့် သုံးဘီးဆိုင်ကယ် တစ် စီး ပျက်စီးခဲ့သည်။

‎​သေဆုံးသွားသူများမှာ ​ဒေါ်ခင်မိုးရွှေ (၆၀ နှစ်)၊​ဒေါ်ခင်စန္ဒာထွန်း (၄၅ နှစ်)၊ ​ဦးထွန်းလင်း (၄၆ နှစ်)၊ ​မဖြိုးဖြိုးကျော် (၃၆ နှစ်)၊ ​မောင်မင်းဝေခန့် (၃၅ နှစ်)၊ ​မဝင်းအိကျော် (၂၆ နှစ်)၊ ​မောင်ဉာဏ်လင်းသန့် (၁၂ နှစ်)၊ ​မောင်နေလင်းသန့် (၇ နှစ်) တို့ဖြစ်ကြသည်။
‎​

ထို့အပြင် အခြားသော အရပ်သားပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှု၊ သေဆုံးမှုနှင့် နေအိမ်အဆောက်အအုံ ပျက်စီးဆုံးရှုံးမှုများ ရှိ/မရှိကိုလည်း ထပ်မံစုံစမ်းလျက်ရှိကြောင်း သိရသည်။

‎​အလားတူ ယင်းနေ့ ည ၁၀ နာရီ ၅၅ မိနစ်ခန့်ကလည်း ဂွမြို့နယ်၊ ကိုင်းခုံကျေးရွာကို စစ်တပ်က ဂျက်တိုက်လေယာဉ်တစ်စီးဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့သော်လည်း ယင်းတိုက်ခိုက်မှုတွင် အရပ်သား ထိခိုက်ဒဏ်ရာရရှိမှုနှင့် အဆောက်အအုံ ပျက်စီးမှု မရှိခဲ့ကြောင်း ဖော်ပြထားသည်။

‎​တိုက်ပွဲဖြစ်ပွားခြင်းမရှိသည့် မြို့ရွာများနှင့် အရပ်သားပြည်သူများ နေထိုင်ရာ နေရာများကို စစ်တပ်က လေကြောင်းမှ နေ့ညမရွေး တိုက်ခိုက်မှုများ ပြုလုပ်နေသဖြင့် ရခိုင်ဒေသတစ်ခုလုံးအနေဖြင့် လေကြောင်းရန်ကို အချိန်ပြည့် အထူးဂရုပြုကြရန်လည်း အာရက္ခတပ်တော်က တိုက်တွန်းထားသည်။

စစ်တပ်က ဂွမြို့နယ်နှင့် ဆမီးမြို့တို့ကို ပြီးခဲ့သည့် ဩဂုတ် ၁၂ရက်နေ့ ညပိုင်းက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့သေးပြီး လူထိခိုက်သေဆုံးမှု ရှိခဲ့သည်။

‎ဓာတ်ပုံ- AA Info Desk
‎ပုံစာ- ကျိန္တလီမြို့ ဗုံးကြဲခံရစဉ်