ဧရာဝတီတိုင်းမ်
သြဂုတ် ၁၃ ရက်
မန္တလေးမြို့၊ အောင်မြေသာစံမြို့နယ်အတွင်းရှိ အလည်ဘောင်ရပ်ကွက်တွင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် မဲကော်မရှင်အဖွဲ့ဝင်တို့ ပူးပေါင်း၍ စစ်မှုထမ်း စာရင်း ပါဝင်သူများထံမှ လစဉ်ကြေး တောင်းယူမှုများ ပြုလုပ်နေကြောင်း ဒေသခံများထံမှ သိရသည်။
အောင်မြေသာစံမြို့နယ်၊ အလည်ဘောင်ရပ်ကွက်၊ အကွက် ၂၀၉ တွင် ရာအိမ်မှူး ကိုမျိုးလွင်ဦးနှင့် မဲကော်မရှင်အဖွဲ့ဝင် ကိုသိန်းမြင့်အောင်တို့ ပေါင်းကာ စစ်မှုထမ်းစာရင်းတွင် အမည်ပါရှိသူ တစ်ဦးလျှင် တစ်လလျှင် ငွေကျပ် ငါးသောင်း (၅၀,၀၀၀) နှုန်းဖြင့် အတင်းအဓမ္မ လိုက်လံတောင်းယူနေသည်မှာ နှစ်လခန့် ရှိပြီဖြစ်ကြောင်း သိရသည်။
“နံပါတ်စဉ် အရှေ့ပိုင်းမှာ ပါတဲ့သူတွေက စစ်မှုထမ်းရမှာ ကြောက်တော့ မဖြစ်မနေ ပေးကြရတယ်။ လူစားထိုး ပေးရမယ့် အလှည့်ရောက်ရင် ရပ်ကွက်ထဲက အရက်သမား၊ ဘိန်းစားနဲ့ သူခိုးတွေကို ဖမ်းပြီး အစားထိုး ပေးတယ်။ ပြည်သူတွေဆီက တောင်းလို့ရတဲ့ ငွေတွေကိုလည်း သူတို့ အိတ်ထဲ ထည့်ထားကြတာ” ဟု အောင်မြေသာစံမြို့နယ်မှ ဒေသခံတစ်ဦးက ဧရာဝတီတိုင်းမ်ကို ပြောသည်။
အဆိုပါ ရပ်ကွက်အတွင်း အိမ်ခြေ ၁၂၀ ဝန်းကျင်ရှိပြီး စစ်မှုထမ်းရန် စာရင်းပါရှိသူ ၁၀၀ နီးပါး ရှိကြောင်း၊ စစ်မှုထမ်း စာရင်းနံပါတ်စဉ် အရှေ့ပိုင်းတွင် ပါဝင်သူများသည် စစ်တပ်အတွင်း ပါသွားမည်ကို စိုးရိမ်သဖြင့် မဖြစ်မနေ ငွေကြေး ပေးဆောင်နေကြရကြောင်း သိရသည်။
ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့သည် ရရှိလာသည့် ငွေကြေးများကို ကိုယ်ကျိုးအတွက် အသုံးပြု နေသည့်အပြင် စစ်မှုထမ်း လူစားထိုးရန်အတွက်လည်း ရပ်ကွက်အတွင်းရှိ အရက်သမား၊ ဘိန်းစားနှင့် ခိုးဆိုးလုယက်သူများကို ဖမ်းဆီး၍ အစားထိုး ပေးပို့နေခြင်းဖြစ်သည်။
ထို့ပြင် ပဲခူးတိုင်းအရှေ့ခြမ်း၊ တောင်ငူမြို့တွင်လည်း ယခုရက်ပိုင်းအတွင်း ရွေးတုအစိုးရတပ်နှင့် စစ်မှုထမ်း စုဆောင်းရေးအဖွဲ့များက လမ်းသွားလမ်းလာ လူငယ်များကို တွေ့ရှိသည့်နေရာတွင်ပင် လုံးထွေးဖမ်းဆီးကာ ပေါ်တာဆွဲ စစ်မှုထမ်းခေါ်ယူမှုများ ပြုလုပ်လာကြောင်း မြို့ခံများထံမှ သိရသည်။
ဓာတ်ပုံ-လူမှုကွန်ရက်၊