ဧရာဝတီတိုင်းမ်
ဩဂုတ် ၁၃ရက်
ရခိုင်ပြည်နယ်တောင်ပိုင်းရှိ အာရက္ခတပ်တော် AA ထိန်းချုပ်ထားသော သံတွဲနှင့် ဂွမြို့နယ်များကို စစ်တပ်က ကမ်းတက်စစ်ဆင်ရေး ပြန်လည်ပြုလုပ်ရန် ပြင်ဆင်နေကြောင်း သိရပြီး လက်တွေ့အကောင်အထည်မဖော်နိုင်၍ လေကြောင်းမှပစ်ခတ်တိုက်ခိုက်မှုများပြုလုပ်နေကြောင်း သိရသည်။
ရွေးတုအစိုးရ စစ်တပ်သည် သံတွဲနှင့် ဂွမြို့နယ်များသို့ ကမ်းတက်စစ်ဆင်ရေး ပြုလုပ်ရန်အတွက် “မုန်တိုင်းစစ်ဆင်ရေး” ဟု အမည်ပေးကာ ဧရာဝတီနှင့် ရန်ကုန်တိုင်းတို့တွင် တပ်အင်အား စုစည်းမှုများ ပြုလုပ်နေကြောင်း စစ်တပ်နှင့် နီးစပ်သည့် သတင်းရင်းမြစ်များထံမှ သိရသည်။
”ဧရာဝတီ ရခိုင်အစပ်ကို ဇူလိုင်လကုန်ကနေ အခု လဆန်းအထိ အင်အားပို့တာ ၇၀၀ ဝန်းကျင်ရှိနေပြီ။ ဂွကမ်းခြေကိုလည်း စစ်သဘ်ောသုံးစီးမက လာလာပစ်တာမှာလည်း AAလှမ်းထုလို့ အခုရက်ပိုင်း နေဗီအသံမကြားတော့တာ။ ရသလောက်တိုးဖို့တော့ စစ်တပ်ကလုပ်နေတာပဲ” ဟုသတင်းရင်းမြစ်ကဧရာဝတီတိုင်းမ်ကို ပြောသည်။
သို့သော်လည်း လက်ရှိအချိန်အထိ ဧရာဝတီတိုင်းနှင့် ရခိုင်အစပ်ကို ပို့ဆောင်လိုက်သည့်တပ်များမှာ အထိနာနေပြီး မိုးကာအုပ်ကားများဖြင့် ပုသိမ်ဘက်ပြန်ခေါ်နေရသည့်အတွက် လိုအပ်သည့် စစ်အင်အား ပြည့်မီအောင် မစုစည်းနိုင်သေးကြောင်းသိရသည်။
ပို့ဆောင်လိုက်သည့်တပ်များနှင့် AAပူးပေါင်းတပ်များမှာ သာပေါင်းဘက်တွင် ယမန်နေ့ ဩဂုတ် ၁၂ရက်နေ့အထိ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားလျက်ရှိသည်။
စစ်တပ်သည် ယခင်ကလည်း သံတွဲမြို့နယ်တစ်လျှောက် ကမ်းတက်စစ်ဆင်ရေး ပြုလုပ်ရန် ကြိုးပမ်းခဲ့ပြီး ယခုအခါ အဆိုပါ မြို့နယ်များကို ကမ်းတက်စစ်ဆင်ရေး ပြန်လည်ပြုလုပ်ရန် ပြင်ဆင်နေသည့်အတွက် စပ်ဆက်ဒေသများရှိ အရပ်သားပြည်သူများ နေထိုင်ရာနေရာများကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ဆက်တိုက် ပြုလုပ်လျက်ရှိသည်။
လက်ရှိ မိုးရာသီ ကာလဖြစ်နေသည့်အပြင် စစ်တပ်၏ စစ်ဆင်ရေးပိုင်းဆိုင်ရာ အချိတ်အဆက် မရှိတော့ခြင်းတို့ကြောင့် ကမ်းတက်စစ်ဆင်ရေး အကောင်အထည်ပေါ်ရန် ဖြစ်နိုင်ခြေ အလွန်နည်းပါးကြောင်း စစ်ရေးစောင့်ကြည့်သူများကသုံးသပ်
ပြောဆိုသည်။
ထို့အပြင် စစ်တပ်သည် ရခိုင်ဒေသတွင် ရေကြောင်းနှင့်ကြည်းကြောင်းမှ စစ်ဆင်နိုင်သည့် စွမ်းရည် မရှိတော့သည့်အတွက် လေကြောင်းမှသာ တိုက်ခိုက်မှုများကို ပစ်မှတ်ထား ပြုလုပ်နေရသည့် အခြေအနေသို့ ရောက်ရှိနေသည်။